ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်)၌ ရေကြီးခြင်းနှင့် စပါးပိုးကျရောက်ခြင်းတို့ကြောင့် ပြည်သူလူထုများအခက်အခဲကြုံနေရကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
နိုင်ငံတဝန်း ရေကြီးမှုများကြုံနေရသည့်နည်းတူ ဖာပွန်ခရိုင်တွင်လည်း စက်တင်ဘာလဆန်းပိုင်းမှစ၍ မိုးများလာ၍ စက်တင်ဘာ ၆ရက်နေမှ ၁၀ရက်အတွင်း မိုးများအဆက်မဖြတ်ရွာသွန်းခြင်းကြောင့် ခရိုင်အတွင်း ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထိုသို့ ရေကြီးမှုကြောင့် ပြည်သူလူထုများ၏ နေအိမ်အချိုးနှင့် စိုက်ပျိုးထားသော လယ်ယာများ ရေနှစ်မြုပ် ပျက်စီးခဲ့ရသည့်အပြင် မြေပြိုမှု ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရကြောင်း၊ မိုးရွာသွန်းမှုကြောင့် သံလွင်မြစ်ဖြတ်သန်းစီးဆင်းရာ တစ်လျှောက် အိမ်ခြေအဆောက်အဦး ၅၀၀ ထက်မနည်းရေဘေးသင့်ခဲ့ရသော်လည်း ပြည်သူလူထုသေဆုံးမှုမရှိ ကြောင်း ဒေသခံကိုကိုးကား သတင်းထုတ်ပြန်သည်။
ဖာပွန်ခရိုင်တွင် ဩဂုတ်နှင့် စက်တင်ဘာအတွင်း မိုးများစွာ ရွာသွန်းမှုကြောင့် စပါးဖျက်ပိုးမွှားအများအပြား ကျရောက်ခဲ့ရာ ဒေသအတွင်းစိုက်ပျိုးသော စပါးခင်းများ၏ ၅၀ရာခိုင်နှုန်းထက်မနည်းပျက်စီးခဲ့ရသည်ဟု ဖော်ပြသည်။
လက်ရှိအချိန်အထိ စပါးဖျက်ပိုးမွှားများအား မနှိမ်နှင်းနိုင်ဘဲ ရှိနေသေးကြောင်း အသိပေးသည်။
လက်ရှိအချိန်တွင်း မြစ်ချောင်းများနှံဘေးတွင် စစ်ဘေးရှောင်နေသော ပြည်သူလူထုများ၏ တဲများလည်း ရေဘေးဒဏ်ကြောင့် ရေထဲမျှောပါပျက်စီးခဲ့ရကြောင်း၊ ဒေသအတွင်းရှိ ပြည်သူလူထုများအနေဖြင့် အမိုးအကာ နှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ထုတ်ပြန်သည်။
အလားတူ KNU ညောင်လေးပင်ခရိုင် အတွင်းလည်း ရေးဘေးဒဏ်ကို ယခင်လများကတည်းက ကြုံနေခဲ့ရပြီး စပါးခင်းများလည်း ရေကြီးနစ်မြုပ်ခဲ့ခြင်းကြောင့် မျိုးစပါး အပါအဝင် အခက်အခဲများစွာ ရှိနေသည်ဟု KNUက သတင်းထုတ်ပြန်ထားသည်။