Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ဦးတည်လာသည့် စစ်ကောင်စီရေယာဥ်များ ရွှေကူမြို့အနီးတွင် KIAပူးပေါင်းတပ် တိုက်ခိုက်

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီ ရေယာဥ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က ယနေ့ နံနက်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ရေယာဥ်တစ်စီး ပစ်ခတ်ခံနေရစဥ်။ (ပုံအဟောင်းအသုံးပြုထားပါသည်)။ ဓာတ်ပုံ - CJ)

ဟန်နွေ၊မိထက်/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီ ရေယာဥ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က ယနေ့ နံနက်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာ ၁၇ရက် နံနက် ၈နာရီမှစ၍ ရွှေကူမြို့တွင် ၄ရက်ကြာ ရပ်နားထားသည့် စစ်ကောင်စီ သင်္ဘော ၅စီးသည် ဗန်းမော်မြို့နယ်ဘက်ဆက်လက်ထွက်ခွာလာရာ ရွှေကူမြို့ အထက်တစ်နေရာ၌ KIAနှင့် KPDFက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ရေယာဥ်များအနက်မှ ရှေ့ဆုံးနှင့် နောက်ဆုံးလုံခြုံရေး ပေးသည့် သင်္ဘော ၂စီး လက်နက်ကြီးထိမှန်ခဲ့သည်ဟု ဆိုသည်။ထိုသို့ လက်နက်ကြီး ထိမှန်ပြီးနောက် စစ်ကောင်စီ သင်္ဘောများသည် ရွှေကူမြို့ဘက်သို့ ပြန်ဆုတ်ခွာသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

“သူတို့ ဗန်းမော်ဘက် အလွယ်တကူ ရောက်ဖို့တော့မဖြစ်နိုင်ဘူး”ဟု သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များရှေ့တန်းစစ်မြေပြင်တနေရာတွင် ပစ်ခတ်နေစဥ်(ပုံအဟောင်းအသုံးပြုထားပါသည်)။ ဓာတ်ပုံ – Myu Tsaw Kasa

စစ်ကောင်စီသင်္ဘောငါးစင်းသည် ရွှေကူဆိပ်ကမ်းသို့ စက်တင်ဘာ ၃ရက်တွင် ရောက်ရှိလာပြီး စက်တင်ဘာ ၁၂ရက်တွင် မြစ်ကမ်းဘေးမှ စစ်ကူစစ်ကြောင်းနှင့်အတူ ဗန်းမော်မြို့သို့ ဆန်တက်ရန်ကြိုးစားစဉ် KIAနှင့်PDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ၄၀ထက်မနည်း သေဆုံးခဲ့ပြီး ပျက်စီးသည့်သင်္ဘောနှစ်စီးရွှေကူဆိပ်ကမ်း၌ ပြင်ဆင်ပြီး ယနေ့ ထပ်မံဆန်တက်စဥ် ထပ်မံတိုက်ခိုက်ခြင်းဟု ရွှေကူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီစစ်သင်္ဘောအုပ်စုတွင် လက်နက်၊စက်သုံးစီနှင့် ရိက္ခာများပါဝင်လာပြီးမန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဩဂုတ်လကုန်တွင် ထွက်ခွာလာပြီး စဉ့်ကူး၊ သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာမြို့များကိုဖြတ်ကာ ရွှေကူမြို့ရောက်ရှိလာခြင်းဖြစ်သည်။

ကသာမြို့နယ်ကို ဖြတ်သန်းစဉ် စစ်ကောင်စီ၏ရမ်းသမ်းပစ်ခတ်မှုကြောင့် အင်းရွာလေး၊ ကလုံနှင့် အင်းရွာတို့တွင် ဒေသခံသုံးဦးသေဆုံးခဲ့သည်။

ယခုအခါ ရွှေကူမြို့မှတဆင့် ဗန်းမော်မြို့သို့ဆန်တက်ရန် ကြိုးစားနေပြီး KIAနှင့်PDF၏ တိုက်ခိုက်မှုကြောင့် ခရီးဆက်မရဘဲဖြစ်နေသည်။

ယင်းစစ်ကောင်စီ ရေယာဥ်များတိုက်ခိုက်မှု အခြေအနေကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီး နော်ဘူနှင့် ရွှေကူ PDFတာဝန်ရှိသူတို့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

အဆိုပါ စစ်သင်္ဘောများ ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်လာစဉ်ကလည်း KIA/PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ကချင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ်နေပြီး နယ်မြေများ၊ မြို့များ တပ်စခန်းများ စွန့်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေတွင် ဗန်းမော်မြို့ကို စစ်အင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းရန် ရေလမ်းမှ ကြိုးပမ်းလာခြင်းဖြစ်သည်။ လက်ရှိတွင်ဗန်းမော်အနီး မိုးမောက်မြို့နယ်တစ်ခုလုံးကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး ဗန်းမော်ကို စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်သည့် အခြေအနေ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ချီဖွေ - ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။

သတင်း

ဖားကန့်မြို့နယ်မှဆိုင်းတောင်ရွာမှ စစ်​ဘေး​ရှောင်​နေရာမှ ပြန်​ရောက်လာ​​သောပြည်သူများကို စစ်ပွဲဧရိယာအတွင်းဖြစ်​နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ယာယီထွက်ခွာပေးရန် KIA ကအသိပေးထားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီနှင့် ပြည်သူ့စစ်များစိုးမိုထားသည့် ကချင်ပြည်နယ် ချီဖွေမြို့နှင့် ဆော့လောမြို့တို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့ညတွင် အသိပေးဖော်ပြသည်။

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

Trending

Facebook