ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအား ဆန်အိတ်အပိုင်း ၅၀၀နှင့် ကျပ်သိန်း၁၅၀မတည် လှူဒါန်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရသော မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအား လှူဒါန်းခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ ၊ ဖြူရောင်ကျေးရွာ ၊ ကျောက်တလုံးကျေးရွာနှင့် လွယ်မွန်းကျေးရွာတို့မှ ဒေသခံ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်း၁ အိတ်နှင့် ငွေ ကျပ် ၅၀,၀၀၀ နှုန်း ပေးအပ်လှူဒါန်းခဲ့သည်ဟု မန္တလေး PDFက အသိပေးသည်။
ဆန်အိတ်များကို အမှန်တကယ်လိုအပ်လျက်ရှိသော ကိုယ်စား သွားရောက်လှူဒါန်းပေးသော မိုးကုတ်မြို့အခြေစိုက် ပရဟိတအသင်းအဖွဲ့များအား အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်း မန္တလေး PDFက ထပ်မံအသိပေးထားသည်။
“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေနဲ့ အခြားမြို့နယ်တွေမှာ ထပ်ပြီးတော့ လှူနိုင်ဖို့ ကြိုးစားနေပါတယ်။”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
မိုးကုတ်မြို့ကို မန္တလေး PDFနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ဇူလိုင်၂၄ရက်တွင် အပြီးသတ်သိမ်းယူခဲ့သည်။