Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်ကောင်စီစွန့်ခွာသွားသည့်စခန်းတစ်ခု KIA သိမ်းပိုက်

စစ်ကောင်စီက ဖားကန့်ကို လေကြောင်းတိုက်ခိုက်

KIAမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - AFP/File

ဟန်နွေ၊မိထက်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ (စက်တင်ဘာ ၁၉ရက်)တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးသည်။

ဖားကန့်မြို့ မှော်ရှန်စေတီကုန်းအား ယနေ့ နံနက် ၉နာရီခန့်တွင် KIAက ရှင်းလင်းသိမ်းပိုက် တပ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က အသိပေးသည်။ အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန့်စွန့် ခွာသွားခြင်းဖြစ်ဟု ဆိုသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဖားကန့်ရှိစခန်းအချို့နှင့် ချီဖွေမြို့နယ် ပန်ဝါဒေသရှိ စခန်းအချို့ကို KIAက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရကြောင်း ပြောသည်။ အသေးစိတ် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ပန်ဝါဒေသတွင်တိုက်ပွဲပြင်းထန်နေစဉ် လီစူးပြည်သူ့စစ်ခေါင်းဆောင် ရွှေမင်း၏သားဖြစ်သူ ဦး‌ဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၈၀ထက်မနည်းသည် ဝိုင်းမော်မြို့မှ စစ်ကူလိုက်သွားရာ လမ်းခုလတ်တနေရာတွင် တိုက်ခိုက်ခံလိုက်ရသည်။

“ရွှေမင်းရဲ့သားက ဦး‌ဆောင်ပြီး ထွက်သွားတာ။ ပန်ဝါနားမရောက်ခင်မှာ ဖြတ်တိုက်တာ။ အကုန်နီးနီးပြုတ်တာ။ မြစ်ကြီးနားအထိ ပြန်ပြေးလာရတယ်”ဟု KIA နှင့်နီးစပ်သည့် မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ဖားကန့်မြို့အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – AFP/File

ထိုဖြစ်စဉ်သည် စက်တင်ဘာ ပထမလပတ်ကဖြစ်ခဲ့ပြီး KIAသည် ပန်ဝါဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများကို ဆက်တိုက်ခိုက်သိမ်းယူနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖားကန့်နှင့် ပန်ဝါဒေသ စစ်ရေးအခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ထားဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ယနေ့မွန်းလွဲပိုင်းတွင် ဖားကန့်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းရင်းမြစ်အချို့က ပြောသည်။

“ဒီနေ့ မြန်မာစံတော်ချိန် ၂နာရီခွဲ ၃နာရီ နီးပါးမှာ ဆိုင်းတောင် အရှေ့ဘက်မှာ မြို့နားဘေးမှာ သူတို့ ဂျက်ဖိုက်တာနဲ့ ဗုံး ၄ခေါက်လောက်လာကြဲသွားတယ်။ သေဆုံးဒဏ်ရာရ စုံစမ်းနေဆဲပဲ။ သတင်းမရသေးဘူး။ ဗုံးကြဲသွားတာပဲ တက်လာတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဖားကန့်မြို့တပ်မကုန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်းဆိုသည်။

“ဒီ ဗီဒီယို ကလစ်နှစ်ခု(လက်နက်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးသည့် ရုပ်သံမှတ်တမ်း)က ဒီဆိုင်းတောင် တပ်မကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့်ဒီမြို့ပေါ် လူနေအိမ်မျာ ကျပြီး လူနှစ်ယောက် ဒဏ်ရာရတယ်လို့ သတင်းပေးတဲ့။ သူက ကျနော့်ကို အဲဒီလိုပြောတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

ရုပ်သံတွင် လက်နက်ကြီးကျည်ထိမှန် ပျက်စီးနေသည့် နေအိမ်အဆောက်အဦးအချို့နှင့် ဒဏ်ရာရသူ အမျိုးသားတစ်ဦးကို တွေ့ရသည်ပြီး ဒဏ်ရာကသူက အကူအညီတောင်းခံနေသည်ကို ကြားရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။