အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်က စက်တင်ဘာ ၂၀ ရက် လေကြောင်းမှဗုံးကြဲခဲ့ရာ ရွှေတူးဖော်ရေးကုမ္ပဏီဝင်းအတွင်း ကျရောက်ပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီခန့်က စဥ့်ကူးမြိူ့နယ်၊ ကံတောင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ ထိုရွာရှိ ထက်ရည်လင်းရွှေလုပ်ကွက်ဆိုက်ကွင်း၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ဗုံးကြဲခံရမှုကြောင့်ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။
“ပြည်သူ၃ဦးသေဆုံးပြီး ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရတယ်။”ဟု စဥ့်ကူးနယ်အတွင်း စစ်ရှောင်များကို ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့က အတည်ပြုပြောကြားသည်။
သေဆုံးထိခိုက်သူများမှာ ထက်ရည်လင်းရွှေတူးဖော်ရေးကုမ္ပဏီလုပ်သားများ ပါဝင်သည်ဟု သိရပြီး အသေးစိတ်အချက်အလက်များ မသိရသေးပေ။
ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကစဥ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးပြီး၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
သြဂုတ် ၂၆ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကိုယ်ဝန်ဆောင်သည်နှင့် ၎င်း၏မိခင်တို့ သေဆုံးခဲ့သည်။
ထို့အပြင် သြဂုတ် ၃၁ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနှင့် စဥ့်ကူးမြို့နယ်၊ သီလှရွာ၊ ကြို့ပင်ကျေးရွာများအား စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ၆ ဦး သေဆုံးခဲ့သည်။
စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်က မြေပြင်တွင် မထိန်းချုပ်နိုင်တော့ချိန်တွင် က နှစ်လကျော်ကြာသည်အထိ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ် ဗုံးကြဲနေခြင်းဖြစ်ပြီး ဒေသခံပြည်သူထိခိုက်သေဆုံးမှုများလာနေသည်။