ဟန်နွေ၊ အီယိုရီ/People’s Spring
အာဏာသိမ်းစစ်ကောင်စီသည် တရုတ်အစိုးရ အကြိုက်တွေ့နိုင်ဖွယ်ရှိသည့် စကားလုံးများဖြင့် အချက်အလက်အမှားများ ပြည့်နှက်နေသော ဝါဒဖြန့်စာ သုံးစောင်ကို ၎င်း၏သြဇာခံ မီဒီယာအချို့မှတဆင့် စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တွင်ထုတ်ပြန်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် အမေရိကန်ပြည်ထောင်စုထံမှ နှစ်စဥ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိနေကြောင်း စွပ်စွဲထားသည်။
NUG သည် အမေရိကန်အစိုးရထံမှ နှစ်စဥ် ဒေါ်လာသန်း ၂၀၀ ရရှိနေခြင်းမှာ မဟုတ်မှန်သကဲ့သို့ လက်တွေ့တွင် စစ်ကောင်စီကသာ တရုတ်မုန်းတီးရေး လုပ်ဆောင်နေပြီး NUG နှင့် တရုတ်အစိုးရတို့ အထင်အမြင် လွဲမှားစေရန် စစ်ကောင်စီနှင့် ၎င်း၏လော်ဘီများက လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။
“NUG အနေနဲ့ အမေရိကန်ဆီက ရနေတာ မရှိဘူး။ ဒီစာမှာ ပါနေတာ မမှန်ဘူး” ဟု ဦးကျော်ဇောက ပြောသည်။
တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း PSLF/TNLA အနေဖြင့် အမေရိကန်ထံမှ ဒေါ်လာ သန်းချီရရှိခြင်း မရှိသေးကြောင်း အတည်ပြုပြီး စစ်ကောင်စီ၏ စာများသည် စွပ်စွဲချက်သာ ဖြစ်ကြောင်း တုန့်ပြန်သည်။
စစ်ကောင်စီ၏ ဝါဒဖြန့်စာများသည် ၎င်းတို့လုပ်ဆောင်နေကျပုံစံဖြစ်ပြီး အမေရိကန်နှင့် အနောက်အုပ်စုက ငွေကြေးပေးကာ ခိုင်းစေသည်ဟူသော စွပ်စွဲချက်မှာ တော်လှန်ရေးကို ပုံဖျက်ခြင်းဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
“လက်ရှိနွေဦးတော်လှန်ရေးဟာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ မတရားမှုကို ငုံ့မခံလိုမှု၊ စိတ်ပိုင်းဖြတ်မှုတွေကနေ အရင်းခံပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဘယ်အစုအဖွဲ့မှ၊ ဘယ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက်မှ ပေါ်ပေါက်ခဲ့တာမဟုတ်ပါဘူး” ဟု ၎င်းက ရှင်းပြသည်။
ထိုအပြင် စစ်ကောင်စီက တရုတ်နိုင်ငံသည် မြန်မာပြည်သူလူထု၏ မိတ်ဆွေစစ်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ဝါဒဖြန့်နေပြီး ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)တို့က NUG နှင့် စစ်ရေးမဟာမိတ်ဖွဲ့ကာ ၎င်းတို့အား တိုက်ခိုက်နေကြောင်း စွပ်စွဲဖော်ပြသည်။
စစ်ကောင်စီထောက်ခံသူများက ဇူလိုင်လကုန်နှင့် သြဂုတ်လ(တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဥ်မတိုင်မီအထိ) တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်။ ယင်းလှုပ်ရှားမှုများကို တရုတ်အစိုးရက အမျက်ရှသည်ကို စစ်ကောင်စီက သိရှိ၍ တော်လှန်ရေးအင်အားစုဘက်မှ တရုတ်ဆန့်ကျင်ရေး အသံထွက်လာစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ဝါဒဖြန့်စာများ ထုတ်ပြန်လာခြင်းဖြစ်သည်ဟု ယူဆကြောင်း ပြည်တွင်းရှိ နိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုသည်။
“စစ်ကောင်စီထောက်ခံသူတွေဘက်က တရုတ်ဆန့်ကျင်ရေးတွေ အော်တုန်းက တရုတ် အစိုးရက အတော် အမျက်ရှသွားတာ သူတို့ သိတာကိုး။ အခုတော့ တရုတ်နဲ့ စစ်ကောင်စီက တစ်ဘက်တည်းပဲ။ အနောက်အုပ်စု ကျောထောက်နောက်ခံတွေကို တရုတ်က ခုထက်ပိုပြီး ပြင်းပြင်းထန် ဆန့်ကျင်သဘောထားရှိဖို့ တိုက်တွန်းတဲ့သဘောလည်းပါတာပေါ့။ တရုတ်ရဲ့ လုပ်ဆောင်ချက်ကို အသိ
အမှတ်ပြုကျေးဇူးတင်တယ်ပေါ့။ ဒါမျိုး တရုတ်က သဘောကျတယ်လေ။ သူ့ကို မြန်မာပြည်သူတွေက ဆန့်ကျင်နေတာမျိုး သူတို့မကြိုက်ဘူးကိုး။ အခုလို ထုတ်လိုက်တော့ တရုတ်ကိုထောက်ခံတဲ့ မြန်မာပြည်သူတွေရှိပါတယ်ဆိုတဲ့ သဘောပေါ့” ဟု အထက်ပါနိုင်ငံရေးအကဲခတ်က သုံးသပ်သည်။
NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း စစ်ကောင်စီသည် မီးစတဖက်၊ ရေမှုတ်တဖက်ပုံစံဖြင့် အချက်အလက်အမှားများ ဝါဒဖြန့်နေကြောင်း ပြောသည်။
စစ်ကောင်စီနှင့် ၎င်းအားထောက်ခံသူများက မြောက်ပိုင်းညီနောင်သုံးဖွဲ့(MNDAA၊ TNLA၊ AA)၏ စစ်ရေးအောင်မြင်မှုများသည် တရုတ်၏ ပံ့ပိုးကူညီမှုမရရှိဘဲ မဖြစ်နိုင်ကြောင်း ဝါဒဖြန့်ချိခဲ့သလို ယခုတွင် တရုတ်သည် အိမ်နီးချင်းကောင်းပီသကြောင်း၊ မြန်မာပြည်သူလူထု၏ မိတ်ဆွေစစ်ဖြစ်ကြောင်း၊ မြန်မာပြည်သူလူထုက တရုတ်၏ လုပ်ဆောင်မှုများကို အားပေးထောက်ခံနေကြောင်း ဝါဒဖြန့်စာ၌ ဖော်ပြသည်။
သို့သော် စစ်ကောင်စီ၏ ယခုလိုဝါဒဖြန့်စာများသည် ယခင်စစ်အစိုးရခေတ်များကတည်းက ဆောင်းပါးများ ရေးသားကာ နေ့စဥ်သတင်းစာများ၌ လုပ်ကြံဖန်တီးထားသော ပြည်သူ့သဘောထား အတုများကို ဖော်ပြခဲ့ကြောင်းနှင့် ထိုဝါဒဖြန့်ချိမှု အမှားများကို တရုတ်နိုင်ငံက တစ်ကြိမ် လိမ်လည်လှည့်စားခံရဖူးကြောင်း ပြည်တွင်းရှိ နိုင်ငံရေးအကဲခတ်က ပြောသည်။
“ထပ်အလိမ်ခံရရင် သူ(တရုတ်)ညံ့လို့ပေါ့” ဟု ၎င်းက ဆိုသည်။
ဆက်လက်ပြီး “တကယ့်မြေပြင်မှာပြည်သူတွေရဲ့ သဘောထားအစစ်အမှန်ကတော့ တရုတ်ဟာ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုကို အမြဲတမ်း အနှောက်အယှက်ပေးနေမယ့် အိမ်နီးချင်းဆိုးပဲလို့ နာနာကျည်းကျည်းနဲ့ ခံယူသွားပြီ။ မြန်မာပြည်သူတွေရဲ့ တကယ့်သဘော
ထား အစစ်ကို သူတို့ တနေ့ ရင်ဆိုင်ရမှာပါပဲ။ လောလောဆယ်တော့ တရုတ်နိုင်ငံကို အမှီသဟဲပြုထားရတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက အားအကောင်းဆုံး၊ အောင်ပွဲအရဆုံးလည်းဖြစ်တော့ တရုတ်ရဲ့ နှောင့်ယှက်မှုက ထိရောက်မှုတစ်စုံတရာတော့ရှိတာပေါ့။ ဒါပေမဲ့ ပြည်သူတွေရဲ့ စိတ်ပိုင်းဖြတ်ချက်နဲ့ ခိုက်မာတဲ့ ရပ်တည်ချက်က တော်လှန်ရေးကို အလုံးစုံ ထောင်မတ်ပေးထားတာပါ။ တရုတ်ကြောင့်တော့ လဲကျသွားစရာ မရှိသလို စစ်ကောင်စီလို နိုင်ငံရေး အမှားတွေ၊ ရာဇ
ဝတ်မှုတွေ ထပ်ခါတလဲလဲ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်ဂိုဏ်းဟာလည်း တရုတ်ရဲ့ အခုလောက် ကူညီရပ်တည်မှုလောက်နဲ့ ပြန်ပြီးထောင်မတ်လာစရာ၊ အောင်ပွဲရလာစရာ အကြောင်းမရှိပါဘူး” ဟု သူ၏ အမြင်ကိုပြောသည်။