ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကူသွားရောက်သည့် ဂန့်ဂေါမြို့ ခလရ(၅၀)တပ်ရင်းမှ ဗိုလ်မှူးခန့်မင်းကို သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာ ၂၂ရက်တွင် ဂန့်ဂေါမြို့ ခလရ (၅၀)အတွင်းသို့ Mi17ထောက်ပို့ ရဟတ်ယာဉ် ၂စီးဆင်းသက်ခဲ့ပြီးနောက် ဗိုလ်မှူး သက်နိုင်အေးနှင့် ဒုတပ်ရင်းမှူး ရဲရန်ပိုင်အပါအဝင် စစ်ကောင်စီအင်အား ၅၀ခန့်ကို လာရောက်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ထို့နောက် စက်တင်ဘာ ၂၆ ရက်တွင် ပင်လည်ဘူးမြို့သို့ ခလရ(၅၀)မှ စစ်ကောင်စီတပ်သားများ ရောက်ရှိပြီးနောက် ယမန်နေ့(စက်တင်ဘာ ၂၇ ရက်)တွင် ဗိုလ်မှူး ခန့်မင်းကို ကျည်ထိမှန်သေဆုံးသွားကြောင်းသိရသည်။
“တိုက်ပွဲအတွင်း ဆီးခုံသို့ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားတာလို့ သိရပါတယ်။ကျန်တဲ့ စခတွေလဲ အကျများတယ်လို့တော့ ကြားရတယ်။ ဒါပေမယ့်အခြေနေအသေး စိတ်တော့မသိရသေးဘူးဗျ”ဟု ဒေသတွင်းသတင်းရင်းမြစ် ကိုဘကောင်းက ပြောသည်။
စစ်ကောင်စီ၏ဗိုလ်မှူး ခန့်မင်းကို၏ နာရေးအား ဂန့်ဂေါမြို့ ခလရ(၅၀)အတွင်း ယနေ့(စက်တင်ဘာ ၂၈ ရက်)တွင်ပြုလုပ်မည်ဟု သိရသည်။
လက်ရှိတွင် ဂန့်ဂေါမြို့ခလရ (၅၀)၌ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများမရှိဘဲ ဗျူဟာမှူးဖြစ်သူကသာ တပ်ကို အဓိကအုပ်ချုပ်နေရကြောင်းလည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက အသိပေးသည်။
ဩဂုတ်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီ စခန်းအချို့အား စက်တင်ဘာ ၆ရက်သိမ်းယူနိုင်ခဲ့သည်။
ပင်လည်ဘူးမြို့အား KIA၊PDF ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဩဂုတ် ၂၂ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။