Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင်၏နာရေးအပြန် ဆိုင်ကယ်များအား စစ်အု​ပ်စုက စောင့်ဆိုင်းဖမ်းဆီး

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအပြန်ဆိုင်ကယ်များအား စစ်အု​ပ်စုက စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါမာရေးလိုက်ပါပို့ဆောင်သော မြို့ခံများက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်၏နာရေးအား လိုက်ပို့သော ဆိုင်ကယ်များအား စစ်အုပ်စုက တားဆီးနေသည်ကို တွေ့ရစဥ်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအပြန်ဆိုင်ကယ်များအား စစ်အု​ပ်စုက စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါမာရေးလိုက်ပါပို့ဆောင်သော မြို့ခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၈ရက်)နံနက် ၁၀နာရီက မန္တလေးမြို့၌ ဒေါက်တာဇော်မြင့်မောင်၏နာရေးအား မြို့ခံပြည်သူအများအပြားက ကားများ၊ထောင်နှင့်ချီသော ဆိုင်ကယ်များဖြင့် တောင်အင်းမြောက်အင်းသုဿန်သို့ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထိုသို့နာရေးပို့အပြီး မန္တလေးမြို့တွင်းပြန်ဝင်လာသော ဆိုင်ကယ်များအား စစ်ကောင်စီတပ်သား၊ရဲ၊ ယာဥ်ထိန်းနှင့် ပျူစောထီးများက ရန်ကုန်-မန္တလေးလမ်းဟောင်း၊ စက်မှု(၂)ထိပ်မှ စောင့်ဆိုင်းဖမ်းဆီးခဲ့​ကြောင်း နာရေးလိုက်ပို့သူများက ပြောသည်။

“ဆရာဇော်နာရေးလိုက်ပို့ပြီးအပြန် စခ၊ ရခတွေက အကုန်စစ်ပြီးဖမ်းတာ။ ရိုင်းရိုင်းစိုင်းစိုင်းတွေရောပြောပါတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် နာရေးလိုက်ပို့သည့် ဆိုင်ကယ်များအား တောင်အင်းမြော​က်အင်းသုဿန်အထိ ဝင်ခွင့်မပေးဘဲ မြစ်ငယ်-ထုံးဘိုလမ်းပေါ်မှ လှည့်ပြန်ခိုင်းခဲ့ကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“ဖမ်းလည်းထောင်ချီဖမ်းရမှာ။ သူတို့က လူစုလူဝေးခွဲဖို့ရေကားအဖြူတွေ သုံးစီးကအစ အဆင်သင့်ထားထားတာ။”နာရေးလိုက်ပို့ခဲ့သည့် မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်တွေ အကုန်ပြန်လှည့်ခိုင်းတယ်။ အထဲမနိုင်မှာစိုးတာလား မသိဘူး။”ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအိမ်ပတ်လည်အား အရပ်ဝတ်လုံခြုံရေးအများအပြား ချထားခဲ့သည်။ သို့သော် မန္တလေးမြို့ခံများမှာ အကျပ်အတည်းများကြားမှ နာရေးအား လူအင်အားအများအပြားဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြသည်။ နာရေးယာဥ်သွားရာ လမ်းတလျှောက်တွင်လည်း လူထုကစောင့်ဆိုင်း၍ နူတ်ဆက်ကြပြီး ပြည်သူအချို့က လမ်းပေါ်မှကန်တော့ခဲ့ကြသည်။

မန္တလေးမြို့ပြည်သူများ​၏ နာရေးလိုက်လံပို့ဆောင်နှုတ်ဆက်နေသည့် ရုပ်သံများမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီး ကြောက်ရွံ့ခြင်းမရှိဘဲ ထိုကဲ့သို့လုပ်ဆောင်သည့် မန္တလေးမြို့ခံများအား ချီးကျူးနေကြသည်။

၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းခံထားရသော ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါဖြစ်နေရင်း ထောင်တွင်းအကျဉ်းချခံခဲ့ရသည်။

ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု ကောင်းစွာမရရှိခဲ့သည့် ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ၇ရက် နံနက် ၃ နာရီခန့်တွင် ကွယ်လွန်ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် မွေးဖွားခဲ့သည်။ မန္တလေးမြို့ စိန့်ပီတာကျောင်း (အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း)တွင် အထက်တန်းအောင်မြင်ခဲ့သည်။၁၉၇၉ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ယင်းနောက် စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်တွင် ဇီဝဓာတုဗေဒသရုပ်ပြအဖြစ် လုပ်ကိုင်ခဲ့သည်။

၁၉၈၈ ခုနှစ်၌ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ သို့သော် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။

ရန်ကုန်တက္ကသိုလ် (၇၅)နှစ်မြောက် နှစ်ပတ်လည် တွင် မဂ္ဂဇင်းထုတ်ဝေခဲ့မှုကြောင့် ၁၉၉၆ ခုနှစ် မတ်လတွင် ၁၉၅၀ အရေးပေါ်အက်ဥပဒေဖြင့် နောက်ထပ် ၇ နှစ် ထပ်မံချမှတ်ခံခဲ့ရသည်။

မြစ်ကြီးနား အကျဉ်းထောင်တွင် စုစုပေါင်း ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။

ထို့နောက် ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၂တွင် ကျောက်ပန်းတောင်မြို့နယ် ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

၂၀၁၅တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၂၀၂၁ခုနှစ် အာဏာသိမ်းချိန်တွင် ထပ်မံဖမ်းဆီးခံရပြီး စစ်တပ်ကအမှူပေါင်းများစွာဖြင့် မတရားပုဒ်မတပ်၍ မန္တလေး အိုးဘိုထောင်၌ ထောင်ဒဏ် ၂၉ နှစ်ချခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Facebook