မြန်မာ့အရေး ကူညီဖြေရှင်းဖို့ နိုင်ငံတကာ အားထုတ်မှုတွေ လုံးဝ အလုပ်မဖြစ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်သာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဝေဖန် ပြောကြားလိုက်ပါတယ်။
တွမ်အင်ဒရူးစ်က မြန်မာ့အရေးဟာ နိုင်ငံတကာ ပါဝင် ကူညီမှုတွေ မထိရောက်တဲ့ အခြေအနေမှာ ဆိုးရွားတဲ့ အဆင့်ကနေ ပိုဆိုးတဲ့ အဆင့်ကို ကျော်လွန်ခဲ့ပြီး အဆိုးတကာ့ အဆိုးဆုံး အနေအထားထိ ရောက်လာနေတယ်လို့ တွမ်အင်ဒရူးစ်က ဆိုပါတယ်။ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ ထူပြောလာတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ ၃ သန်း ကျော်လွန်လာပြီလို့လည်း သူက ပြောကြားသွားပါတယ်။
အခုသီတင်းပတ်အတွင်း လာအိုနိုင်ငံ၊ ဗီယန်ကျန်း မြို့တော်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးမှာတော့ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခဟာ ဆွေးနွေးမှု ခေါင်းစဉ်တွေရဲ့ ထိပ်ဆုံးကို ပြန်ရောက်လာပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ အာဏာသိမ်း စစ်တပ်ကို ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းခဲ့ချိန် ကတည်းက သွေးချောင်းစီး ဖြစ်ရပ်တွေ ရပ်တန်းကရပ်ဖို့ တားဆီးနေခဲ့ပေမယ့်လည်း မအောင်မြင်ပါဘူး။
အင်ဒရူးစ်ကတော့ နိုင်ငံတကာ အသိုက်အဝန်းဟာ အာဏာသိမ်း စစ်တပ်ကို ကဏ္ဍသုံးခုမှာ ထိထိရောက်ရောက် အရေးယူ ဖြတ်တောက်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒါတွေကတော့ ငွေကြေးကူညီမှု၊ လက်နက်ရောင်းချပေးမှု၊ တရားဝင် အသိအမှတ်ပြု ဆက်ဆံမှုတွေကို ပယ်ဖျက်ဖို့ ဖြစ်ပါတယ်။
အာဏာသိမ်းပြီး ကတည်းက စစ်တပ်ဟာ လူပေါင်း ၂၀၀၀၀ ကျော်ကို တရားလက်မဲ့ ဖမ်းဆီးခဲ့ပြီး အတိုက်အခံ အားကောင်းတဲ့ နယ်မြေတွေမှာ လူနေဧရိယာတွေကို အကြိမ်ပေါင်းများစွာ ဗုံးကြဲခဲ့တယ်လို့လည်း အင်ဒရူးစ်က ထောက်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်တပ်ဟာ လက်နက်အင်အား အပြတ်အသတ် သာလွန်နေတဲ့တိုင်အောင် တိုင်းရင်းသား ပြည်နယ်တွေ အပါအဝင် ဒေသတချို့မှာ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်ဒဏ်ကို အလူးအလဲ ခံစားရပြီး ရုန်းကန်နေရပါတယ်။
ပြည်ပမှာ နိုင်ငံတကာ ဝေဖန်မှု ဖိအားတွေ ခံနေရချိန်မှာပဲ အာဏာသိမ်း စစ်တပ်ဟာ ပြည်တွင်းမှာလည်း စစ်ရေးအရ ရုန်းကန်နေရပြီး ကျယ်ပြောလှတဲ့ ထိန်းချုပ် နယ်မြေတွေကို လက်လွှတ်ခဲ့ရပါတယ်။
အမေရိကန် လွှတ်တော် အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ အင်ဒရုးစ်က ဩစတြေးလျ နိုင်ငံကို ရောက်ရှိနေတဲ့ ခရီးစဉ် တစ်ခုအတွင်း အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ဆိုးယုတ်တဲ့ လုပ်ရပ်တွေကို ထပ်လောင်း သတိပေး ပြောကြားခဲ့ပါတယ်။ စစ်တပ်လက်ချက်ကြောင့် အရပ်သား အနည်းဆုံး ၅၆၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ပိုမို ဆိုးရွားလာနေတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် အင်အား ဆုတ်ယုတ်လာတဲ့ စစ်တပ်ကို ပြန်လည် အားဖြည့်ဖို့အတွက် စစ်မှုမထမ်း မနေရ ဥပဒေကို အသက်သွင်းပြီး သောင်းနဲ့ချီ များပြားတဲ့ လူငယ်တွေကို စစ်ထဲ ဆွဲသွင်းနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကိုလည်း အင်ဒရူးစ်က ထောက်ပြသွားခဲ့ပါတယ်။
ဒီအခြေအနေမှာ ဒေသတွင်း နိုင်ငံတွေရော၊ နိုင်ငံတကာ အသိုက်အဝန်းကပါ စစ်ကောင်စီကို ပစ်မှတ်ထားပြီး ဥပဒေ၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားပေး ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ဖို့ လိုအပ်ကြောင်း အင်ဒရူးစ်က ဆိုပါတယ်။
သေချာတာကတော့ လက်ရှိ မြန်မာ့ ပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံတကာ တုံ့ပြန်မှုတွေက လုံလောက်မှု မရှိသေးဘူးဆိုတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံ အကျပ်အတည်းက ပိုမိုနက်ရှိုင်းလာတဲ့ အခြေအနေမှာ နိုင်ငံတကာ အာရုံစိုက်မှုတွေက ပိုပြီး လျော့နည်းလာမှာကို အလေးအနက် စိုးရိမ်တယ်လို့လည်း အင်ဒရူးစ်က ဆက်ပြောပါတယ်။
ဆစ်ဒနီမှာ ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုမှာ အင်ဒရူးစ်က ဩစတြေးလျ အစိုးရ အပါအဝင် စိတ်သဘော တူညီတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာစစ်တပ် ခေါင်းဆောင်တွေကို လူမျိုးသုဉ်း သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ခုံရုံးတွေမှာ တရားစွဲဆိုနိုင်ရေး ပိုမို အားထည့် ကူညီပေးကြဖို့လည်း အင်ဒရူးစ်က တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။
ကိုးကား- Jakarta Post