Connect with us

Hi, what are you looking for?

သတင်း

တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက်

လက်နက်များစွန့် ထွက်ပြေးသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များစွာရှိ ဟုဆို

ပန်ဝါမြို့ထဲသို့ KIA ဦး​ဆောင်​သောတပ်ဖွဲ့ဝင်များဝင်​ရောက်လာစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယမန်နေ့တွင် သိမ်းပိုက်နိုင်ပြီဖြစ်ပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းရေးလုပ်ဆောင်လျက်ရှိသည်ဟု စစ်ရေး သတင်းရင်းမြစ်တို့က ပြောသည်။

စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းက ကချင်အထူးဒေသ(၁)နယ်မြေရှိ ချီဖွေနှင့် ဆော့လော်မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သည့် KIA ပူးပေါင်းတပ်သည် ပန်ဝါမြို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ပန်ဝါအနီးရှိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ နယ်ခြားစောင့်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးအောက်တိုဘာ ၁၈ရက် ညပိုင်းတွင် ပန်ဝါမြို့ကိုဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

“စခ စခန်းကုန်ပြီ မရှိတော့ဘူး။ ပန်ဝါရပြီ။ ရှင်းလင်းရေးလုပ်ရအုံးမယ်။ (စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ) လက်နက်တွေ စွန့်ပြီး ထွက်ပြေးကုန်ကြပြီ”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယမန်နေ့ညတွင် ပြောသည်။

Public Service Announcement

Public Service Announcement

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” ပန်ဝါမြို့ထဲကို ဝင်နေပြီ။ မြို့ကို တဆင့်ခြင်းရှင်းနေတယ်။ ရန်သူတွေ ဗျူဟာကျတဲ့ကုန်းတွေမှာ စုပြီး ခုခံနေကြတယ်”ဟု ယနေ့ အောက်တိုဘာ ၁၉ရက် မနက်အစောတွင် ပြောပြသည်။

နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ” ပန်ဝါကိုသိမ်းတော့ သိမ်းထားပြီ။အသေးစိတ် နယ်မြေရှင်းရအုံးမယ်။ ပြည်သူ့စစ်တွေနဲ့ BGF တချို့တောထဲပုန်းကျန်နေတာတွေရှိအုံးမယ်”ဟု ပြောသည်။

ပန်ဝါမြို့ သိမ်းပိုက်နိုင်မှု အခြေအနေများကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့မနက်ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။ ယမန်နေ့ညပိုင်းက ဗိုလ်မှူးကြီး နော်ဘူ၏ ပန်ဝါဒေသ စစ်ရေး အခြေအနေပြောပြချက်တွင် ပန်ဝါအနီးတဝိုက် စစ်ကောင်စီတပ်စခန်းအချို့ သိမ်းရထားသော်လည်း ပန်ဝါမြို့တွင်းတိုက်ပွဲမရှိကြောင်း၊ စစ်ကောင်စီ၏ တဖက်သတ်ပစ်ခတ်မှုများသာ ရှိကြောင်းပြောကြားထားသည်။

KIA တပ်ဖွဲ့ဝင်များ ပန်ဝါမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသကဲ့သို့ ကချင်အထူးဒေသှု(၁)နယ်မြေ၌ ကျန်နေသည့် တရုတ် – မြန်မာနယ်စပ်မြို့ ကန်ပိုက်တီကို ဦးတည်ပြီးလည်း ထိုးစစ်ဆင်လျက်ရှိသည်။

အောက်တိုဘာ ၁၇ရက်နှင့် ၁၈ရက် ကန်ပိုက်တီဒေသ တိုက်ပွဲများအတွင်း စင်ကျိုင်၊ဝေါ်ချုံးဒေသ အခြေစိုက် နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ၆ခုထက်မနည်းကို KIAက သိမ်းပိုက်ရရှိထားသည်။

KIAသည် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေမှ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGF စခန်းများကို ယခုနှစ် ဇွန်လမှစ၍ စစ်ရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ ဇွန်လအတွင်း၌ ဆဒုံးဗျူဟာ အပါအဝင် ဒေသတွင်းရှိ တပ်စခန်း ၂၀ကျော်၊ စက်တင်ဘာ လကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းတွင် ချီဖွေနှင့် ဆော့လော်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ကြီးငယ် ၁၃ခုထက်မနည်း၊ ပန်ဝါဒေသနှင့်ကန်ပိုက်တည်ဒေသ ထိုးစစ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်စခန်းကြီးငယ် ၁၅ ခု ဝန်းကျင် သိမ်းပိုက်ရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြထားချက်အရ သိရသည်။

ဦးဇခုန်တိန့်ယိန်းက KIAနှင့် PDFများကို တိုက်ခိုက်ချေမှုန်းရန် ဇွန်လ ၇ရက်တွင် လက်အောက်ခံ တပ်ဖွဲ့များအား စစ်မိန့် ထုတ်ပြန်ခဲ့သော်လည်း KIA က အချိန်တိုအတွင်း ကချင်အထူးဒေသ(၁) နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။ စက်တင်ဘာ ဒုတိယပတ်တွင် KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ဦးဇခုန်တိန့်ယိန်း၏ စစ်မိန့်စာကိုဖော်ပြပြီး မထုတ်ပြန်သင့်သည့် စစ်မိန့်ဟု ရေးသား အသိပေးခဲ့ပြီးနောက် KIAက ကချင်အထူးဒေသ(၁) နယ်မြေအတွင်း စစ်ရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော် ၊ ပန်ဝါမြို့များကို အချိန်တိုအတွင်း သိမ်းနိုင်ခဲ့သည်။ စက်တင်ဘာ ၂၈ရက်မှ အောက်တိုဘာ ၁၈ရက် အတွင်း သုံးပတ်ကြာ ထိုးစစ်ဆင်မှုအောက်တွင် ဦးဇခုန်တိန့်ယိန်း၏ တပ်များ၊ စစ်ကောင်စီတပ်စခန်းများစွာကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ကာ ချီဖွေ၊ လေဆာ့လော်၊ပန်ဝါ မြို့များကို ထိန်းချုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိနယ်စပ်ဂိတ်များ ယနေ့ ဒီဇင်ဘာ ၁၃ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောကြားသည်။

သတင်း

တရုတ်ဘက်က ဂိတ်ပြန်ဖွင့်သော်လည်း KIAဘက်က ဖွင့်ပေးခြင်းမရှိသေးဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့(ဒီဇင်ဘာ ၁၂ရက်) ပြောသည်။

သတင်း

KIA အနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်အတူ ဆင်နွှဲနေသည့် မံစီမြို့ လက်ကျန် စစ်ကောင်စီတပ်များကိုလည်း ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

သတင်း

YAK-130 တိုက်​လေယာဥ် ကျည်ထိမှန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ် ၂ဦးအား မေးမြန်းရာ တစ်ဦးက ဖြစ်နိုင်သည်ဟု ပြောသည်။