Connect with us

Hi, what are you looking for?

သတင်း

တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီဘက်မှ ၄ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရဟု BWM ပြော

တောင်ငူလေတပ်စခန်းကို ‌၁၀၇ မမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - BWM

သတိုး/ People’s Spring

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသော တောင်ငူလေတပ်စခန်းကို ‌၁၀၇ မမ ရှော့တိုက်ဒုန်း သုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့‌ဝင် လေးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိကြောင်း Brave Warriors for Myanmar -BWM အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

“ပစ်ခတ်ပြီးနောက် မကြာခင်အရေးပေါ်လူတင်ကား ၃ စီးလေတပ်ထဲဝင်သွားပြီး လူနာများကိုသယ်ယူသွားခဲ့ကြောင်း၊ လေတပ်အရာရှိ(၂) ဦးနှင့် အခြားအဆင့်စစ်သည်(၆)ဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း၊ အခြားအဆင့်စစ်သည်(၄)ဦး သေဆုံး ခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။ “ဟု BWMအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၀ရက် ည ၈ နာရီခွဲခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့ နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀၇ မမ ရှော့တိုက်ဒုန်း သုံးလုံးအနက် နှစ်လုံးအောင်မြင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရှော့တိုက်ဒုန်း နှစ်လုံးအနက် တစ်လုံးသည် မော်တော်ယာဉ်ဂိုဒေါင်ပေါ် ကျရောက်ကာ အခြားတစ်လုံးသည်လေယာဉ်ဂိုဒေါင်ပေါ်သို့ကျရောက်ခဲ့ပြီး Y-12 တစ်စီး သုံးမရအောင်ပျက်စီးသွားသည်ဟု BWMက ဆိုသည်။

ပစ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

“လက်နက်ကြီးနဲ့ သုံးလုံးပြန်ပစ်ပါတယ်၊ လက်နက်ငယ်နဲ့ကတော့အချက်ပေါင်းများစွာပြန်ပစ်ပါတယ်။ ရှော့ဒုံးကိုဘယ်နေရာကပစ်မှန်းမသိတော့ သူတို့ပြန်ပစ်တာတွေက ရမ်းသမ်းပြန် ပစ်တာမျိုးတွေဖြစ်နေတယ်။”ဟု စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သည့် အကြောင်းကို အထက်ပါတာဝန်ရှိသူကက ပြောသည်။

စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများရှိသော်လည်း စစ်ဆင်ရေးဆောင်ရွက်သူအားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီ ပြည်နယ် နှင့် ရှမ်းတောင်တို့ရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် စစ်ရှုံးကောင်စီ အဓိက အားထားရသော လေတပ်စခန်း တစ်ခု ဖြစ်သောကြေင့် ယနေ့တောင်ငူ လေတပ် မစ်ရှင်ကို စီစဉ် အကောင်အထည်ဖော်ရခြင်းဖြစ်ပါသည်။”ဟု BWM ကအသိပေးထားသည်။

ထို့ပြင် စစ်ကောင်စီသည် နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်ဆုံးရှုံးမှုများရှိနေပြီး တော်လှန်ရေး အင်အားစုများအနေဖြင့်လည်း စစ်ကောင်စီလေတပ်များကို အထူးတိုက်ခိုက်ရန် BWM ကတိုက်တွန်းထားသည်။

ယင်းစစ်ဆင်ရေးတွင် ထိခိုက်မှုအနေဖြင့် လူနာတင်ကားသုံးစီး လေတပ်စခန်းအတွင်းသို့ ဝင်သွားပြီး ထိခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

BWM အဖွဲ့သည် မဟာမိတ်အဖွဲ့များ နှင့်ပူးပေါင်း၍ စစ်ကောင်စီ၏ ဌာနချုပ်များ နှင့် လေတပ်စခန်းများကို အဓိကတိုက်ခိုက်လျက်ရှိပြီး ယနေ့စစ်ဆင်ရေးသည် ၂၄ ကြိမ်မြောက် ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့တောင်ငူ လေတပ်စခန်းကို နေရာသုံးနေရာကနေ ၁၀၇ မမရှော့တိုက်ဒုန်း တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ကျောင်းသား ၂၀ကျော်သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ပဲခူးတိုင်း၊တောင်ငူမြို့ရှ်ိ လေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar(BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီ​၏ တောင်ပိုင်တိုင်းစစ်ဌာနချုပ် (တပခ)နှင့် တောင်ငူလေတပ်စခန်း တိုက်ခိုက်သည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ထိခိုက်မှုများရှိကြောင်း Brave Warriors for Myanmar (BWM)က အသိပေးထားသည်။

သတင်း

တောင်ပိုင်းတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့တိုက်ဒုန်း ခြောက်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)မှတာဝန်ရှိသူက ပြောသည်။