ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁)နှစ်ခွဲခန့်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(အောက်တိုဘာ ၂၁ ရက်) ညနေ ၄ နာရီမှ ၅ နာရီကြားတွင် မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများပေါ်သို့ မိတ္ထီလာနှင့် တံတားဦးလေဆိပ်မှတက်လာသော ဂျက်ဖိုက်တာ ၄ စီး၊ Mi-35 ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

Public Service Announcement
တတိယအကြိမ် လေကြောင်းလေကြောင်းတိုက်ခိုက်မှုတွင် Mi-35 တစ်စီး၏ စက်သေနတ် ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၈ခန့်အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ (၁)နှစ်ခွဲခန့် ကလေးငယ် တစ်ဦး သေဆုံးကာ ၄ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network အဖွဲ့တာဝန်ခံ ကိုနဂါးလေးက ပြောသည်။
“သူတို့သားအမိက မော်တော်ပေါ်မှာရှိနေတာ။ မိခင်ဖြစ်တဲ့သူက မိန်းမကိုယ်ကိုမှန်ပြီး ပွဲချင်းပြီးသေတယ်။ ကလေးကလက်တစ်ဖက်ပြတ်ပြီးသေတယ်။”ဟု ၎င်းက ရှင်းပြသည်။
ထို့အပြင် ညနေ ၆ နာရီခွဲခန့်တွင် မတ္တရာ အနောက်ခြမ်း တနေရာသို့ ဂျက်ဖိုက်တာ ၄စီး၊ Mi-35 ၂စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ထိခိုက်မှုရှိသည်ဟု သတင်းရကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။
ထို့ကြောင့် မတ္တရာမြို့နယ်ရှိ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ၊ အကာကွယ်ရှိသော နေရာများတွင် နေထိုင်ကြရန်၊ လေယာဥ်များ ပျံသန်း ဝဲနေလျှင် အကာကွယ်ရှိနေရာများတွင် နေပေးကြပါရန်နှင့် တနေရာနှင့် တနေရာ ကူးသန်း ပြေးလွှားချင်းများ မပြုလုပ်ကြပါရန် ကာကွယ်ရေးအဖွဲ့များက မေတ္တာ ရပ်ခံထားသည်။
မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီက လက်နက်ကြီး နှင့်လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်နေကြောင်း၊ သို့သော် တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီအလောင်းများ သိမ်းဆည်းရမိခဲ့ပြီး သိမ်းထားသော စခန်းများအား အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တလေး PDFက အသိပေးထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ္တရာမြို့နယ်အတွင်း ဒေသခံပြည်သူများ ထိခိုက် သေဆုံးမှုအများအပြား ရှိနေသည်။
အလားတူ ယမန်နေ့ အောက်တိုဘာ ၂၁ရက်ညပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရလားရှိုးမြို့နှင့် ကချင်ပြည်နယ်၊ မိုးမောက် – ဗန်းမော် ကြား (၇)မိုင် အောင်မြေရွာအနီးကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောသည်။


















































