Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်လက်ချက်ဖြင့်ပြည်သူငါးဦး အသက်ဆုံးရှုံး

စစ်တပ်ကလူငယ်နှစ်ဦးကို လည်လှီးသတ်

စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှု ခံခဲ့ရ​​​သော ကိုမင်းကို၏ ရုပ်အ​လောင်း။ ဓါတ်ပုံ-DDMSC

ကျော်ဇော/People’s Spring

လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာ အုပ်စုသို့ အောက်တိုဘာလ ၁၂ ရက်မှ ၁၉ ရက်နေ့အထိ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက် ချက်ကြောင့် ဒေသခံပြည်သူငါးဦး အသက်ဆုံးရှုံးခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်လက်ချက်ကြောင့် အသက်ဆုံးရှုံးရသူများမှာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ပေါင်းငါးဦး သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

အောက်တိုဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် နေအိမ်မှနေ၍ ဘေးလွတ်ရာတိမ်းရှောင်ရန် ဆိုင်ကယ်ဖြင့် ထွက်ပြေးလာသည့် အသက် ၃၅ နှစ်အရွယ် ကဒက်ငယ်ထိန်ရွာခံ ကိုမင်းအောင်(ခ) ကိုကန်းကန်းကို စစ်ကောင်စီတပ်က အောက်ရေဖြူကျေးရွာနှင့် ကဒက်ငယ်ထိန်ရွာကြားတွင် ပစ်သတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းနေ့ညနေပိုင်းတွင်လည်း ကျန်းမာရေးမကောင်းသဖြင့် အိပ်ယာထဲလဲနေသည့် ကဒက်ငယ်ထိန်ရွာခံ အသက် ၇၃ နှစ်အရွယ်ဒေါ်ခင်မြင့်(ခ) ဒေါ်မငယ်သည်လည်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်သေဆုံးခဲ့သေးသည်။

ထို့အပြင် အောက်ရေဖြူကျေးရွာမှ နှလုံး ရောဂါအခံရှိသည့် အသက် ၅၀ ခန့်အရွယ်ဒေါ်သက်သက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သံများကို ကြောက်ရွံ့ထိတ်လန့်ကာ အောက်တိုဘာလ ၁၆ ရက်နေ့၌ပင် နှလုံးဖောက်သေဆုံးသွားခဲ့ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီကဖော်ပြသည်။

၎င်းအောက်တိုဘာလ ၁၆ ရက်နေ့ကပင် အောက်ရေဖြူရွာရှိ နေအိမ်အနီး ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုနှင့် အခြားလူငယ်တစ်ဦးတို့ကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်ကာ ရုပ်အလောင်းများအား ညင်းမော်ရွာအနီး စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟုထုတ်ပြန်သည်။

“သူတို့ကတော့ အကြောက်တရားသွင်းချင်ပုံရပါတယ်။ လည်ပင်းလှီးခံရတယ်ဆိုတဲ့ သတင်းစကား ပြည်သူတွေကြားထဲရောက်ရင် တကယ်တုန်လှုပ်ကြတာပါပဲ။ အဲနည်းနဲ့ သူတို့ကို မပုန်ကန်ရဲအောင် လုပ်ချင်တာဖြစ်မယ်။ နောက်တခုက သူတို့ရဲ့ စိတ်ကိုက လူသတ်ရင် သေနတ်နဲ့ မပစ်သတ်ဘဲ အဲလို လည်လှီးပြီး စိတ်ပြေနပြေလုပ်ချင်ပုံရတယ်” ဟု ထားဝယ်ခရိုင် သပိတ်ကော်မတီမှ တာဝန် ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

အထက်ပါလူငယ်နှစ်ဦးအား လည်လှီးသတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ အောက်ရေဖြူရွာအနီး နယ်မြေရှင်း လင်းစဥ် လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းအမှား ရေးသားဖြန့်​ဝေ​နေသည်ကို တွေ့ရသည်။

​အဖြစ်မှန်မှာစစ်ကောင်စီတပ်ကသတ်ဖြတ်ခံခဲ့ရသည့် ကိုမင်းကို နှင့် ကျန်တစ်ဦးတို့သည် သာမန်အရပ်သားပြည်သူများသာဖြစ်ပြီး စစ်ကောင်စီတပ်၏ ယခုလိုလုပ်ရပ်သည် အရပ် သားပြည်သူများအပေါ် စစ်ရာဇဝတ်ကျူး လွန်မှုတခုဖြစ်

ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။