ထားအိ/People’s Spring
စစ်တပ််အာဏာသိမ်းမှု ၃နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၅ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၀၂ကြိမ်ကျူးလွန်ခဲ့ပြီး လူပေါင်း ၃၃၄၀ဦးကို သတ်ဖြတ်ခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စာရင်းပြုစုမှတ်တမ်းတင်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ၂၀၂၄ အောက်တိုဘာ ၁ရက်အထိ နိုင်ငံတဝန်း ၅ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၃၀၂ကြိမ်ဖြစ်ခဲ့ပြီး သေဆုံးခဲ့ရသူပေါင်း ၃၃၄၀ဦးရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သောအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၀၂ကြိမ်ထဲတွင် အသက် ၆၀နှစ်အထက် ၁၅၅ဦးနှင့် အသက် ၁၈နှစ်အောက် ၂၇၆ဦး သေဆုံးခဲ့ရကြောင်းလည်း တွေ့ရသည်။
ထို့အပြင် အသက်အရွယ်မသိရသူ ၁၉၁၇ဦး၊အသက် ၁၉နှစ်-၃၅နှစ်အကြား ၄၃၇ဦး၊ အသက် ၃၆နှစ်-၆၀နှစ်အကြား ၅၅၅ဦးမှာ စစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ခံခဲ့ရသည်။ သတ်ဖြတ်ခံရသူ ၃၃၄၀ဦးထဲတွင် အမျိုးသား ၁၅၉၈ဦး၊ အမျိုးသမီး ၄၃၇ဦးနှင့် ကျား/မ မသိရသူ ၁၃၀၅ဦးရှိကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မှတ်တမ်းတင်ထားသည်။

Public Service Announcement
အာဏာသိမ်းစစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုအပေါ် “စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ပွဲတွေမှာ ဆုံးရှုံးမှုတွေ ကြုံလာတဲ့အခါတိုင်း၊ သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြီးတော့ သူတို့ရဲ့စစ်ရှုံးမှုကိုပြန်တုန့်ပြန်လေ့ရှိပါတယ်။ လက်စားချေမှုလို့လည်း ပြောလို့ရတယ်။ သူတို့ လက်စားချေတဲ့ နည်းလမ်းက လူထုကိုအသုံးချပြီး လူတံတိုင်းပဲဖြစ်ဖြစ်၊အကြောက်တရားပဲဖြစ်ဖြစ် နည်းဗျူဟာကို အမြဲသုံးလေ့ရှိတယ်။ ဒါ့ကြောင့်မို့ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတနိုင်ငံလုံး သူတို့လုပ်လာတာ သူတို့ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာတစ်ခုလည်းဖြစ်တယ်။ ဘုတလင်မှမဟုတ်ဘူး နိုင်ငံတဝှမ်းမှာ ဒီလိုမျိုးပဲကျင့်သုံးလေ့ရှိပါတယ်။ ဒါဟာ ကြီးမားတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်ပေါ့နော်။ ဒါကို နိုင်ငံတကာကိုပေးပို့နိုင်ဖို့လည်း ဝန်ကြီးဌာနက အချက်အလက်တွေ သေချာကောက်ယူသိမ်းဆည်းတယ်။ လုပ်လည်း လုပ်ဆောင်နေပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က ပြောသည်။
စစ်အုပ်စုသည် အောက်တိုဘာ ၁၇ရက်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါကျေးရွာ၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၆ဦးကို သတ်ဖြတ်ကာ ခန္ဓာကိုယ်များအား အစိတ်စိတ်ပိုင်းဖြတ်လျက်အစိတ်အပိုင်းများကို နေအိမ်ခြံစည်းရိုးတွင် ချိတ်ဆွဲထားခဲ့သည်။
အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသောကျူးလွန်မှုများအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရန် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးရန် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာ ၂၂ရက်တွင် ထုတ်ပြန်တောင်းဆိုသည်။ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက်ခွင့်ပြုနေမည်ဆိုပါက ထိုမျှဆိုးရွားယုတ်မာသော စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူဝါဒ ကိုင်စွဲထားသော ယန္တရားတရပ်မှာ ဆက်လက် သက်ဆိုးရှည်ရုံသာမက ပိုမိုအတင့်ရဲလာမည်သာဖြစ်ကြောင်း ဖော်ပြထားသည်။


















































