ဇေအောင်/People’s Spring
ယနေ့(နိုဝင်ဘာ ၄ရက်) နံနက် ၅နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပေါ်၊ စစ်ကိုင်းမြို့အထွက် ဆွမ်းချက်ရပ်၊ သံလမ်းအကျော်တွင် ပစ်ခတ်မှုဖြစ်ပွားရာ နံနက် ၇ နာရီခွဲခန့်အထိ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။
“စစ်သား၂ဦးထိတယ် ပြောတယ်။ လမ်းကတော့ အသွားကောအပြန်ကော နှစ်ဘက်လုံးပိတ်ထားတယ်။”ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ခရီးသွားပြည်သူများ၏ ကားများကိုလည်း စစ်ကောင်စီတပ်က လှည့်ပြန်ခိုင်းခဲ့ကြောင်း သိရသည်။
“စစ်ကိုင်းမြို့ထဲကစက်ရုံကို သွားမယ့် ကုမ္ပဏီကားတွေတောင် သွားလို့မရလို့ အကုန်ပြန်လှည့်လာရတယ်။”ဟု စစ်ကိုင်းမြို့နယ်၊ ကျေးရွာတစ်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
နံနက် ၁၁ နာရီခန့်တွင်မူ လမ်းကြောပြန်ပွင့်ပြီး ခရီးသွားကားများ ပြန်လည်ဖြတ်သန်းနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကိုင်းမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က ကံတလူတိုးဂိတ်၊ အုန်းတောလမ်းဆုံ၊ ညောင်ပင်ဝန်းရွာတို့၌ တပ်စွဲထားသည်။