Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်သွားသည့်နေ့တွင် စစ်တပ်က မြို့ရွာများ လေကြောင်းတိုက်ခိုက်နေ

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယနေ့ နံနက် ၆ နာရီ ၃၀မိနစ်တွင် MAI၏ အထူးလေယာဉ် Airbus 319 -XYALK ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားသည်။

(ယနေ့နံနက်က လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်က လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားသည့်နေ့တွင် စစ်တပ်က ယနေ့(နိုဝင်ဘာ ၅ရက်)နံနက်အစောပိုင်းတွင် လားရှိုးနှင့် မင်းတပ်မြို့အပါအဝင် အခြားဒေသများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း အဆိုပါမြို့ဒေသခံများက ပြောသည်။

‌နေပြည်တော် အေလာလေတပ်မှတက်လာသည့် ဂျက်ဖိုက်တာသည် ယနေ့ နံနက်စော နံနက် ၁နာရီ ၄၂ မိနစ်နှင့် ၁နာရီ ၄၇မိနစ်တွင် ဗုံးလေးလုံးကြဲပြီး ပွိုင့်ဖိုက်စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားသည်ဟု မင်းတပ်မြို့နယ်တွင်းအခြေအနေများကို ဖော်ပြပေးနေသည့် ကိုဟာကလေးက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ရှိ နေအိမ်အချို့ကို ယမန်နေ့ကလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။ စစ်ကောင်စီ၏ ‌ လေကြောင်းအန္တရာယ်ကိုရော မြေပြင်စစ်ကြောင်းကိုပါ သတိပြုရန် မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF-Mindat) က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

” မြို့တောင်ပိုင်းကို ပစ်တာ။ စက်သေနတ်နဲ့ပါ ပတ်ပစ်သွားတာ။ လက်ရှိ သိသလောက်ကတော့ အထိအခိုက်မရှိဘူးပေါ့လေ။ ဒါပေမယ့် မြေပြင်ကို သွားကြည့်ဖို့တော့ မရတော့ အထိအခိုက်ကို ဘာမှန်းမသိရသေးဘူး”ဟု မင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာအတွင်း လေကြောင်းမှ ၇၇ကြိမ်တိုက်ခိုက်ခဲ့ပြီး နေအိမ် ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF-Mindatက နိုဝင်ဘာ ၁ရက်တွင် ထုတ်ပြန်ထားသည်။

” တစ်လအတွင်း ၇၇ကြိမ်။ တစ်နေ့ ၂ကြိမ်မကဘူး ပစ်တာ။ လေကြောင်းအန္တရာယ်ကို ဒေသခံတွေအတွက် ပိုပြီးတော့ကို သတိထားဖို့ လိုအပ်တယ်” ဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မိုးမောက် – ဗန်းမော်ကြားကို လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့ (နိုဝင်ဘာ ၅ရက်) နံနက်အစောတွင် လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

လားရှိုးမြို့ဒေသခံ မနော်ဖောကလည်း စစ်ကောင်စီတပ်သည် နံနက်စော ၁၂နာရီ ၄၄မိနစ်နှင့် ၁၂နာရီ ၄၉ မိနစ်တွင် လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရသည်ဟု အသိပေးထားသည်။ တည်နေရာကို စုံစမ်းဆဲဖြစ်ပြီး ဒေသသတင်းရင်းမြစ်အချို့က လားရှိုးမြို့ မယ်ဟန်ဘက်၌ တိုက်ခိုက်ခံရသည်ဟု အသိပေးထားသည်။

“မနေ့က ညနေပိုင်း ၂နာရီ ၄၀ ဝန်းကျင်မှာလည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦး ပြောကြားထားတာရှိပါတယ်။ လောလောဆယ်ရှမ်းမြောက်မှာ စစ်ကောင်စီက TNLA နဲ့ MNDAA ထိန်းချုပ်ထားတဲ့နေရာတွေ အဓိက လေကြောင်း တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် အထူးသဖြင့် နောင်ချို၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင် ၊နမ့်ခမ်း ဒေသတွေမှာရှိတဲ့ အရပ်သား ပြည်သူလူထုတွေ ထိခိုက်နစ်နာသေဆုံးမှု တော်တော်များသွားပါပြီ”ဟု ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ကချင်ပြည်နယ် မိုးမောက် – ဗန်းမော်ကြား ၇မိုင် အောင်မြေရွာအနီးဝန်းကျင်ကိုလည်း စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာ ၄ရက်ည ၉နာရီခွဲတွင် လေကြောင်းတိုက်ခိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါနေရာတွင် KIAနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ထားရသည့် မိုးမောက် ခမရ(၄၃၇) ပြန်သိမ်းပိုက်နိုင်ရေး လေကြောင်း ပစ်ကူရယူပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“ထိခိုက်သေဆုံးမှုရှိမရှိတော့ အခုအချိန်ထိ ဘာမှ သတင်းမရသေးပါဘူး”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယနေ့ နံနက် ၆ နာရီ ၃၀မိနစ်တွင် MAI၏ အထူးလေယာဉ် Airbus 319 -XYALK ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားသည်။

စစ်​ခေါင်း​ဆောင်မင်းအောင်လှိုင်သည် တရုတ်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၆ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကူမင်းတွင်ကျင်းပမည့် မဲခေါင်နိုင်ငံများ အစည်းအဝေးသို့တက်ရောက်မည်ဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်ရောက်မည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်၊ တရုတ်ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့ ပူးပေါင်း၍ ကြေးနီစီမံကိန်းကို ၂၀၂၂ နှစ်လယ်ပိုင်း မှစတင်ကာ ပြန်လည်လည်ပတ်ရန် ကြိုးစားခဲ့သည်။

သတင်း

မတ္တရာမြို့နယ်ကို စစ်တပ်က စစ်ကူထပ်မံဖြည့်တင်းကာ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာမို့ရှောင်တိမ်းနေရတဲ့ပြည်သူတွေလည်း သောင်းနဲ့ချီရှိနေတယ်လို့သိရပါတယ်။

သတင်း

လတ်တလောတွင် ကားလမ်းအသုံးပြု၍ ကုန်းကြောင်းမှလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်းဇောက်ကျေးရွာ၌ ဆက်ရှိနေပြီး ဒေသခံပြည်သူအများစုမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိနယ်စပ်ဂိတ်များ ယနေ့ ဒီဇင်ဘာ ၁၃ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောကြားသည်။