သတိုး/People’s Spring
ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းကို တာဝေးပစ်မစ်ဇိုင်းဒုန်း လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O)ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“ပစ်မှတ် လေတပ်ရဲ့ လေယာဉ်ဂိုထောင်နဲ့ အရာရှိနေအိမ် တွေပါ။ လေးလုံးစလုံး အောင်မြင်ပါတယ် တပြိုင်တည်းပါ။ထိခိုက်ပျက်စီးမှုတော့ အသေးစိတ် စုံစမ်း နေဆဲပါ”ဟု ၎င်းကပြောသည်။
ယင်းစစ်ဆင်ရေးကို ယနေ့ နိုဝင်ဘာ ၉ ရက် နံနက် စော ၁ နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှပိတ်ဆို့စစ်ဆေးမှုများရှိခဲ့သော်လည်း ရဲဘော်အားလုံးလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“အဆင့်မြှင့်ထားတဲ့အတွက် ၁၀၇ မမထက် ပိုပြီး ပြင်အားများပါတယ် ။အားသာချက်က ရန်သူ့ ဧရိယာနား ကပ်ဖို့မလွယ်တဲ့ မစ်ရှင်တိုင်း အသုံးပြုလို့ကောင်းပါတယ် သတိလည်း ပိုထားရသလို ထိခိုက်ပျက်စီးမှုလည်း ကြီးမားနိုင်ပါတယ် ဟု ယနေ့မစ်ရှင်အတွင်း အသုံးပြုခဲ့သည့် တာဝေးပစ်မစ်ဇိုင်းဒုန်းနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
မှော်ဘီမြို့နယ်အတွင်း သန်းခေါင်ယံအချိန်၌ ပေါက်ကွဲသံအကျယ်ကြီးကြားရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများနှင့် တိုင်းရင်းသား ဒေသများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် အထက်ပါတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း U.S.O က ထုတ်ပြန်ထားသည်။
“ပြည်သူများအား မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်အုပ်စုတို့၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးအား ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်”ဟု U.S.O ကအသိပေးထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ရက်ကလည်း မှော်ဘီလေတပ်စခန်းအား ပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခဲ့သေးသည်။
ထို့အပြင် မှော်ဘီလေတပ်စခန်းအား ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်ကလည်း Civilian Military (Sagaing Region Defense Force – SRDF) အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။