သတိုး၊ ကျော်စွာ/People’s Spring
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅လုံးအောင်မြင်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)အဖွဲ့မှတာဝန်ရှိသူက ပြောသည်။
“ထိခိုက်ပျက်စီးမှုအတော်ကြီးတယ်လို့ သိရတယ်၊ အသေးစိတ်ကိုနောက်ဆက်တွဲအနေနဲ့ ကြေညာပါ့မယ်” ၎င်းကလူထုနွေဦးသို့ပြောသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား အာရက္ခတပ်တော်(AA)က သိမ်းပိုက်အပြီး ၂ရက်အကြာတွင် နောက်ထပ်စစ်ဌာနချုပ်စခန်းဟာ တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်လာခြင်း ဖြစ်သည်။
အဆိုပါစစ်ဆင်ရေးကို ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နံနက်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)သည် ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက်ပိုင်း ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော ဒေသများရှိ တော်လှန်ရေးအင်အားစုများကို အကြမ်းဖက် နှိမ်နင်းရန် ကြိုးကိုင် နေသည့် စစ်ဌာနချုပ်ဖြစ်ခြင်းကြောင့် BWM နှင့် မဟာမိတ်အဖွဲ့များက Mission 27 အဖြစ် ပစ် ခတ် တိုက်ခိုက်ခြင်းဟု အသိပေးသည်။
ထို့အပြင် ယခုတိုက်ခိုက်မှုအား မြန်မာပြည် ၏ နေရာအနှံ့အပြားရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစွမ်းကုန်ကြိုးစား တိုက်ခိုက်လျှက်ရှိသော တော်လှန်ရေးအရွေ့အတွက် အကူ အညီဖြစ်စေရန် ရည်ရွယ်ကြောင်းလည်း BWM က ဆိုသည်။
စစ်ကောင်စီသည် အကြမ်းဖက် နှိပ်စက်မှု၊ လူ ငယ်များကို အတင်းအဓမ္မပြန်ပေးဆွဲစေခိုင်းမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံ တဝှမ်းရှိပြည်သူများ စိတ်မလုံခြုံခြင်း ခံစားရသကဲ့သို့ ခရစ်စမတ် အခါသမယ၌ပင်စစ်ကောင်စီနှင့် ၎င်းတို့၏မိသားစုဝင်များသည်လည်း စစ်ဌာနချုပ်အတွင်း၌ပင် မလုံခြုံတော့ကြောင်း လက်တွေ့ခံစားရစေရန် တိုက်ခိုက်ခြင်းလည်း ဖြစ်သည်ဟု ဖော်ပြသည်။
BWM နှင့် မဟာမိတ်အဖွဲ့များ၏ Mission 27 ဖော်ဆောင်မှုတွင် မြေပြင်၌ တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့သော ဗိဿနိုး(တောင်တွင်းကြီး)အဖွဲ့ကိုလည်း ကျေးဇူးတင်ရှိကြောင်း BWM က မှတ်တမ်းတင်ထားသည်။
အထက်ပါ မဟာမိတ်အဖွဲ့များသည် ဒီဇင်ဘာ ၁၁ရက်က တောင်ငူလေတပ်စခန်း နှင့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့သေးသည်။
လက်ရှိတွင် စစ်ကောင်စီမှာ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တို့ ဆုံးရှုံးလက်လွှတ်ထားရသည်။
ထို့အပြင် ကျန်သည့် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တို့ကိုလည်း တော်လှန်ရေးအဖွဲ့များက မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုခံနေရသည်။