သတိုး/People’s Spring
ကရင်နီတပ်ပေါင်းစု၏ ‘၁၁.၁၁ စစ်ဆင်ရေး’ တစ်နှစ်ပြည့်ကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန် မြို့ အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမပေါ်ရှိ ရွာမအစုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့တာဝန်ခံ ရဲဘော်အရိပ်က ပြောသည်။
“၂၀၂၃ခုနှစ်တွင် စတင်ခဲ့သည် ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) တစ်နှစ်ပြည့်ကို ဂုဏ်ပြုသောအားဖြင့် နေ့လည် (၂) နာရီ (၃၀)မိနစ် တွင် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ကျွန်ုပ်တို့ Dark Shadow တပ်ဖွဲ့မှ အဝေးထိန်းမိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။” ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်သည့်အချိန်တွင် အင်းစိန်မြိုနယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီးကြားရကြောင်း ဒေသခံတစ်ဦးက Hlaing Info သို့ ပြောကြားထားသည်။
” လူထိခိုက်မှု မရှိဘူးလို့ ကြားပါတယ်။ ရဲတွေ၊ စစ်သားတွေကတော့ အောက်မင်္ဂလာဒုံလမ်း တလျောက် စစ်ဆေးမှုတွေ လုပ်နေတယ်။ ရွာမဘူတာ၊ ဖော့ကန်ရပ်ကွက်နဲ့ ဒညင်းကုန်းလမ်းဆုံဘက်မှာလည်း စစ်ကားတွေ ပတ်နေတာ တွေ့ခဲ့ပါတယ်”ဟု အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သူအားလုံး အန္တရာယ်ကင်းကင်း နှင့်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
“ကရင်နီပြည်၏ ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation)တွင် ပါဝင်ဆင်နွှဲနေသော တော်လှန်ရေးအင်အားစုများနှင့် အတူတကွ ကျွန်ုပ်တို့ Dark Shadow အဖွဲ့သားများ အနေဖြင့် မြို့ပြတွင်လည်း အာဏာရှင်အမြစ်ပြတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။