Connect with us

Hi, what are you looking for?

သတင်း

အမ်း-ပဒါန်းလမ်းပိုင်းတိုက်ပွဲ ပြင်းထန်လာနိုင်၍ပဒါန်း ဒေသခံများ စတင်တိမ်းရှောင်

အမ်းမြို့အပြင် ​မောင်​တောမြို့ ၊ ပဲခူးတိုင်းနှင့် ဆက်စပ်နေသော တောင်ကုတ်မြို့၊ ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ဂွမြို့ ၌လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။

ပဒါန်းမြို့ အဝင် ဆိုင်းဘုတ်
ပဒါန်းမြို့ အဝင် ဆိုင်းဘုတ်

အိမ်သွင်/People’s Spring

အမ်း-ပဒါန်းလမ်း၌ တိုက်ပွဲမကြာခဏဖြစ်နေပြီး စစ်ရေးဆက်လက်တင်းမာလာနိုင်သည့် အခြေအ‌နေများကြောင့် ပဒါန်းမြို့ဒေသခံများသည် ပြည်မြို့နှင့် အခြားမြို့များသို့ စတင်တိမ်းရှောင်လာကြသည်။

“ပဒါန်းကလူတွေ ပြည်ကို ရောက်လာကြတယ်။ သူတို့ဖက်မှာနေလို့ မရတော့ဘူးတဲ့။ တိုက်ပွဲတွေဆက်လာပြီး စစ်တပ်က စစ်ကြောင်းထိုးလာနိုင်လို့ ပြေးကြရတာ” ဟု ပြည်မြို့ခံတစ်ဦးကပြောသည်။

မ​ကွေးတိုင်း၊မင်းဘူးခရိုင် ၊ ငဖဲမြို့နယ် အတွင်းရှိ​သော၊ပဒါန်းမြို့သည် မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်ကို ကုန်းလမ်းဖြင့် ချိတ်ဆက်ထားသည်။

Public Service Announcement

Public Service Announcement

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ စုစုပေါင်း လူဦးရေ ၅၅၀၀ ခန့်သာ ရှိသည်။

ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်
ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ်

ယခုအခါ အာရက္ခတပ်တော်(AA)က အမ်းမြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ် AAနှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း အမ်း-ပဒါန်းလမ်းမှတဆင့် စစ်ကောင်စီလမ်းကြောင်းကိုဖြတ်တောက်တိုက်ခိုက်ပေးနေသောကြောင့်မကြာမီ စစ်ကောင်စီကပစ်မှတ်ထားတိုက်ခိုက်လာနိုင်သည်ဟု သတိပေးမှုများရှိနေသည်။

အမ်း-ပဒါန်းလမ်းသည် ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ငဖဲနှင့် မင်းဘူးမြို့နယ်တို့ကို ဆက်သွယ်ထားသည်။ အမ်းမြို့နယ်မှ တိုက်ပွဲကို လက်နက်ခဲယမ်း၊ ရိက္ခာနှင့်လူအင်အား ပို့ဆောင်ရာတွင် စစ်ကောင်စီက ထောက်ပို့လမ်းအဖြစ်အသုံးပြုခဲ့သည်။

သို့သော် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ အမ်း-ပဒါန်းလမ်း နယ်မြေစိုးမိုးရေးကို အာရက္ခတပ်တော်(AA)နှင့် မဟာမိတ်များက ထိန်းချုပ်ရန်ကြိုးစားခဲ့ပြီးနောက် အောက်တိုဘာလမှစတင်ကာ တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

အမ်း -ပဒါန်းလမ်းတွင် အောက်တိုဘာလ ၂၈ရက်နေ့က အမ်းမြို့မှပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို မင်းဘူးခရိုင်အမှတ်(၂) တပ်ရင်းနှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF)ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့သည်။ထို့အပြင်နိုဝင်ဘာလ ၅ရက်ကလည်း အမ်း- ပဒါန်းလမ်းမှ စစ်‌ကောင်စီစခန်းနှစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)က သတင်းထုတ်ပြန်ထားသည်။

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားလေးဦးကို မကွေးတိုင်းနှင့်ရခိုင်ပြည်နယ်စပ် စစ်ဆင်ရေးဒေသ၌ ဖမ်းမိထားကြောင်း အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF – Asho)က သတင်းထုတ်ပြန်ထားသည်။

အမ်း-ပဒါန်းလမ်းပိုင်းတွင် ​​တော်လှန်​ရေးတပ်များက စစ်​ကောင်စီတပ်ကိုတိုက်ခိုက်စဥ်
အမ်း-ပဒါန်းလမ်းပိုင်းတွင် ​​တော်လှန်​ရေးတပ်များက စစ်​ကောင်စီတပ်ကိုတိုက်ခိုက်စဥ်

ထို့အပြင် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းချိတ်ဆက်ထားသောလမ်းပိုင်းများနှင့်ပုသိမ်-မုံရွာလမ်းပိုင်း၌ လာရောက်တပ်စွဲသည့် စစ်ကောင်စီတပ်နှင့်အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အောက်တိုဘာလ၃၀ရက်နှင့် ၃၁ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။တိုက်ပွဲများအတွင်းစစ်ကောင်စီဘက်မှ၁၁ ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိထားပြီး အတည်ပြုနိုင်ရန်စုံစမ်းဆဲဖြစ်ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အမ်းမြို့တွင်လည်း နပခ နှင့် မြို့သိမ်းရန် AA ၏ ထိုးစစ်ပြင်းထန်နေပြီး AAက နပခ အပါအဝင် စစ်ကောင်စီစခန်းများကို အနီးကပ်ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်​ကြောင်း မြို့ခံများကပြောသည်။

အမ်းမြို့အပြင် ​မောင်​တောမြို့ ၊ ပဲခူးတိုင်းနှင့် ဆက်စပ်နေသော တောင်ကုတ်မြို့၊ ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသော ဂွမြို့ ၌လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။

(ပဒါန်းမြို့ အဝင် ဆိုင်းဘုတ် / ရခိုင်ပြည်နယ် စစ်​ရေးအ​ခြေအ​နေပြ အင်ဖိုဂရပ် နှင့် အမ်း-ပဒါန်းလမ်းပိုင်းတွင် ​​တော်လှန်​ရေးတပ်များက စစ်​ကောင်စီတပ်ကိုတိုက်ခိုက်စဥ်။ဓါတ်ပုံ-မင်းဘူးခရိုင်တပ်ရင်း(၂) ၊ CJ)

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအလွန်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအပြင်းအထန်ပစ်ကူပေးခုခံနေပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၂၁) အပါအဝင် နေရာ သုံးနေရာထက်မနည်းတွင် ယနေ့(ဩဂုတ်၂၆ရက်) တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။