ဟန်နွေ/People’s Spring
ချင်းပြည်နယ် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိရာ ယနေ့ (နိုဝင်ဘာ ၂၂ရက်) တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ ပြင်းပြင်း ထန်ထန် ပြုလုပ်နေသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။
နိုဝင်ဘာ ၂၂ရက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးရာတွင် တိုက်လေယာဉ်ဖြင့် အကြိမ် ၂၀ကျော်၊ Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၁၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဆလိုင်းယောမာန်က ပြောသည်။
” တိုက်လေယာဉ်နဲ့ အကြိမ် ၂၀ ကျော် ကြဲတာပါ။ ဗုံးအလုံးရေဆို.. ၆၀ ကျော်ပါတယ်။ တစ်ခါကြဲရင်.. ပေါင် ၁၅၀ (၆) လုံး ဆက်တိုက် ကြဲတာမျိုး.. ပေါင် ၅၀၀ နှစ် လုံး ကြဲတာမျိုးပါ။ ဒါတောင် Y12 ကြဲတာ အကြိမ် ၁၀၀ ကျော်သေးတယ်” ဟု ဆလိုင်းယောမာန်က ယနေ့ မင်းတပ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဗုံးအလုံးရေ ၁၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောပြသည်။
“စစ်ကောင်စီနဲ့ ကျနော်တို့ ထိတွေ့တာတော့ နှစ်ပတ်ကျော်သွားပြီ။ အောင်မြင်မှုတွေလည်း တော်တော်များများ ရထားတယ်။ မြို့ထဲက ပိတ်မိနေတဲ့ ပြည်သူတော်တော်များများကိုလည်း ကျနော်တို့ ကယ်ပေးတယ် ရွှေ့ပြောင်းပေးတယ် နေရာချပေးတယ်။ လုံခြုံတဲ့နေရာမှာ ထားပေးတယ်ပေါ့။ စစ်ကောင်စီနဲ့တော့ တောက်လျှောက် စကစနဲ့ ပြင်းပြင်းထန်ထန်ထိတွေ့နေတယ်” ဟုဆလိုင်းယောမာန်က ပြောသည်။
အောင်ပွဲရသည့်သတင်းများ အောင်မြင်မှုများကို ချင်းညီနောင်က သင့်တော်သည့်အချိန်တွင် အသိပေးထုတ်ပြန်သွားမည်ဟု ဆိုသည်။
” အခုထက်ထိတော့နေ့တိုင်း နေ့တိုင်းကိုပဲ ထိတွေ့မှု မရှိတဲ့နေ့ရယ်လို့ မရှိပါဘူး။ ထိတွေ့မှုရှိတယ်။ လေကြောင်းလာတယ်ဆိုတယ်ဆိုတာတော့ နေ့တိုင်းပါပဲ။ နှစ်ပတ်ကျော်ကာလအတွင်းမှာ တောက်လျှောက်ပါပဲ”ဟု ဆလိုင်းယောမာန်က ပြောသည်။
မင်းတပ်ဒေသခံတစ်ဦးကလည်း မြို့ပေါ် အခြေအနေကို လူမှုကွန်ရက်၌ ရေးသားအသိပေးထားရာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ အသုံးပြုတိုက်ခိုက်ခြင်း၊ ခလရ(၂၇၄)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
ချင်းညီနောင်နှင့် မဟာမိတ်များသည် နိုဝင်ဘာ ၉ရက်ကစတင်ပြီး ဖလမ်းနှင့်မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
တိုက်ပွဲကြာလာသည်နှင့်အမျှ မြေပြင် လိုအပ်ချက်များ ရှိသလို တိုက်ပွဲအတွင်းကျဆုံးထိခိုက်မှုများ ရှိနေမည်ဟု ဆိုသည်။ ထို့ကြောင့် ဆေးဝါးကုသမှုအပါအဝင် မြို့သိမ်းစစ်ဆင်ရေး လိုအပ်ချက်များဖြည့်ဆည်းရန် ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေမှုများ လုပ်ဆောင်နေပြီး ပြည်သူများ အနေဖြင့် ဝိုင်းဝန်းပါဝင်ပေးကြရန် ချင်းညီနောင်က တိုက်တွန်းထားသည်။
ထို့အပြင် ဖလမ်းမြို့တွင်လည်း ချင်းညီနောင်က အောင်မြင်မှုများ ရရှိထားပြီး ဖလမ်းအခြေစိုက် စစ်ကောင်စီတပ်ကုန်း၏ ကာကင်းစခန်းကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောထားသည်။
ချင်းညီနောင်အနေဖြင့် စစ်မြေပြင်၌တိုက်ပွဲဝင်နေသူများ၏ လုံခြုံရေးအပါအဝင် စစ်ရေးလိုအပ်ချက်အရ တိုက်ပွဲသတင်းများကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးရန်မရှိဟု အသိပေးထားသည်။