Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိဟု တရုတ်ဖိအားရင်ဆိုင်နေရသည့် TNLA ထုတ်ပြန်

နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား စစ်​ကောင်စီတပ် စခန်းများမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား စစ်​ကောင်စီတပ် စခန်းများမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️တရုတ်အစိုးရ၏ကြားဝင်မှုကို အသိအမှတ်ပြုကြောင်းဖော်ပြ၊ ခုခံကာကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားဟု အသိပေး

ဟန်နွေ/People’s Spring

စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်းအဆင်သင့်ရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ယနေ့(နိုဝင်ဘာ ၂၅ရက်)တွင် ကြေညာချက် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကတည်းက စစ်ကောင်စီကို တိုက်ခိုက်နေသည့် တိုက်ပွဲများ ချက်ချင်းရပ်ရန် နှင့် မရပ်တန့်ပါက ကြောက်ရွံ့ကျိုးနွံ ဆုံးမသွန်သင်နည်းလမ်းများ ပိုမိုအသုံးပြုမည်ဟု တရုတ်အစိုးရ၏ ခြိမ်းခြောက်စာပေးပို့ခံထားရသည့် TNLAက အဆိုပါစာရရှိပြီး သုံးလခန့်အကြာတွင် ယခုကဲ့သို့ သဘောထားထုတ် ပြန်လာခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ ဖိအားပေးမှုကိုကြုံနေရကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားပြီး ဖိအားကြားမှ TNLAသည် သီပေါမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲအောင်မြင်မှု ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အသင့်ရှိကြောင်း စာထုတ်ပြန်ရခြင်းမှာ တအာင်းပြည်ဒေသအတွင်း နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီမြန်မာစစ်တပ်၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသင်္ခမိဘပြည်သူများ၏အကျိုးကို ငဲ့ညှာထောက်ထား၍ဖြစ်သကဲ့သို့ နယ်စပ်တည်ငြိမ်ရေးနှင့်တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ ဖြစ်သည်ဟု TNLAက အသိပေးသည်။

ထို့အပြင် နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA၏ သဘောထားကို ဆက်လက် ထုတ်ဖော်ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားပြီး စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားကြောင်း ဖော်ပြသည်။

မြန်မာပြည်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF) မှ အပြုသဘောဆောင် ကောင်းကျိုးရှိသည့် အမြင်ဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ထုတ်ပြန်ခဲ့ပြီး ကောင်းမွန်သည့်ရလဒ်များရရှိရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် တအာင်းဒေသအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးလာသည်မှာ နှစ်ပတ်လည်လာခဲ့ပြီဖြစ်ပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၊ စစ်တပ်စခန်းများ၊ စစ်ကြောင်းများကို ကင်းစင်အောင်ဖယ်ရှားတိုက်ထုတ်နိုင်ခဲ့သော်လည်း စကစ- မြန်မာစစ်တပ်မှ ပြည်သူလူထုတို့အား ဦးတည်ပစ်မှတ်ထားကာ လေကြောင်းဖြင့် ချေမှုန်းတိုက်ခိုက်နေသဖြင့် အပြစ်မဲ့ ပြည်သူလူထုတို့ စစ်ဘေးဒဏ်ပေါင်းစုံကို ဆိုးရွားပြင်းထန်စွာခံစားနေကြရသည်ဟုလည်း ထုတ်ပြန်သည်။

TNLAသည် တအာင်းလူမျိုးများ အဖိနှိပ်ခံဘဝမှလွတ်မြောက်ရန်နှင့် တအာင်းပြည်နယ်ရရှိရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တိုင်းရင်းသားမြန်မာပြည်သူလူထုတို့နှင့် အတူတကွ တည်ဆောက်ရန် အမြဲတစေကြိုးပမ်းဆောင်ရွက် နေသည်ဟုလည်း အသိပေးသည်။

“တစ်နိုင်ငံလုံးဆန့်ကျင်နေတဲ့ တရုတ်အစိုးရရဲ့ မြန်မာ့ပြည်တွင်းရေးကို ကြားဝင်ဆွေးနွေးမှုကို အသိအမှတ်ပြုတယ်ဆိုရင်တော့ နည်းနည်းစောပါသေးတယ်။ ဒေသခံပြည်သူတွေရဲ့သဘောထားဆန္ဒတွေကို စစ်တမ်းအရင် ကောက်ယူသင့်ပါတယ်။ ပြည်သူတွေနဲ့တွေ့ဆုံမှုအရင်လုပ်ကြည့်တာက ပိုပြီးနည်းလမ်းကျမယ်ထင်တယ်။ ပြည်သူတွေရဲ့သဘောထားကအဓိကပါ”ဟု စစ်ရေး၊နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က TNLA၏ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပြုသည်။

တရုတ်အစိုးရသည် TNLAအပါအဝင် စစ် ကောင်စီကို တိုက်ခိုက်နေသည့် ကိုးကန့်တပ်(MNDAA)၊ ကချင်တပ်(KIA)တို့ကိုလည်း စစ်ပွဲများရပ်တန့်ရေး ဖိအားပေးလျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်များထိန်းချုပ်ရာ နယ်မြေများရှိ နယ်စပ်ဂိတ်များကို ပိတ်ပြီး ပိတ်ဆို့ ဖြတ်တောက်မှုများ လုပ်ဆောင်လျက်ရှိသည်။

တရုတ်အစိုးရက မြန်မာ့ပြည်တွင်းရေးကို ကျင့်ဝတ်မဲ့စွာ ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ် နေခြင်းအား လက်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများက သဘောထားထုတ်ပြန်ထားသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ မဟာမိတ်များနှင့်လက်တွဲဖော်ဆောင်ခဲ့ရာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်းကြီး၊ငယ် ၁၅၀ကျော်နှင့် မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

TNLA သိမ်းပိုက်ထားသည့် မြို့များမှာ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ မြို့များဖြစ်ပြီး စစ်ကောင်စီက အဆိုပါ မြို့ရွာများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။