စစ်ကောင်စီ သုံးဦးသေ၊ ဗိုလ်ကြီးအပါအဝင် ဒဏ်ရာရသူများရှိ လက်နက် ၃လက်ရဟု သတင်းရင်းမြစ်ပြော
ထားမြတ်/People’s Spring
ချင်းပြည်နယ် ဟားခါးမြို့ စစ်ကောင်စီဗျူဟာ၏ လုံခြုံရေးအရေးပါသည့် စစ်ကောင်စီ၏ ကာကင်းစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက ဒီဇင်ဘာ ၆ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်ရက်လုံးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏ ခမရ(၂၆၆)တပ်ရင်း၏ ကာကင်းစခန်းကို ယမန်နေ့ နံနက်ကစတင်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း၊ ယမန်နေ့ နံနက်မှ ညနေ ၃နာရီထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ညနေ ၄နာရီတွင် တိုက်ပွဲပြန်စကာ တစ်ညလုံး တိုက်ပွဲရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“ စကစ သုံးဦးသေဆုံးပြီး လက်နက်လည်း ၃လက်ရရှိပါတယ်။ စကစတွေက ဒဏ်ရာရသူတွေရှိတယ်။ အခု ဟားခါးပြည်သူ့ဆေးရုံမှာ သူတို့ အရာရှိလည်းပါတယ်။ ဗိုလ်ကြီးပါတယ် ဆေးကုသနေတယ်လို့ သတင်းကြားတယ်။ ဒီနေ့မှာလည်း တိုက်ပွဲ ဆက်လက်ရှိပါတယ်။ ဆက်လက်ပြင်းထန်ပါတယ်။ ဟားခါး မြို့သစ်ရပ်ကွက်မှာ ဖြစ်ပါတယ်။ တနေ့လုံး သူတို့လည်း လက်နက်ကြီးနဲ့ ပစ်ကူပြီးတော့ သူတို့လည်း ခုခံပါတယ်။ ကျနော်တို့ဘက်က အခြေအနေကောင်းပါတယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ယခု တိုက်ခိုက်နေသည့် ကာကင်းစခန်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ အထိုင်ချထားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
“အဲဒီ ကာကင်းက ရုန်းတောင်ပေါ့ ထိုးစစ်ဆင်ဖို့မရအောင် သူတို့က လက်နက်ကြီးထားတဲ့ တောင်တစ်ခုဖြစ်ပါတယ်။ အဲဒီ ဟာသိမ်းပိုက်နိုင်မယ်ဆိုရင်တော့ သူတို့ ဗျူဟာကုန်းလား ဟားခါး စစ်ကောင်စီစခန်းအကြီးဆုံးကို ဝင်တိုက်ဖို့ လွယ်မယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီသည် နိုဝင်ဘာ ၂၂ရက်မှ စ၍ ဟားခါး-ထန်တလန်ကြား စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့ရာ စခန်း ၆ခုထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပမ်းနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်။
ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ဒေသကာကွယ်ရေးတပ်များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီက ချင်းပြည်အစိုးရဟု ဖွဲ့စည်းကာ တော်လှန်ရေးဆင်နွှဲနေသည်။ ထို့အပြင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၆ဖွဲ့ပါဝင်သည့် ချင်းညီနောင်ကလည်း မဟာမိတ်အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းကာ မြို့သိမ်းစစ်ဆင်ရေးများ ဆင်နွှဲအောင်မြင်မှုရရှိထားသည်။
“ဟားခါးထန်တလန်ကြားမှာ ဆိုရင် အော်တိုတောင်စခန်းပဲ ကျန်တော့တယ်။ အော်တိုတောင်စခန်းက ထန်တလန်နဲ့နီးတယ်။ ထန်တလန်နဲ့ ၇မိုင်လောက်ဖြစ်မယ်။ ထန်တလန်မြို့နယ်ထဲပေါ့”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များသည် ထန်တလန်မြို့ သိမ်းပိုက်နိုင်ရေးထိုးစစ်ကို ဇူလိုင်က စတင်ခဲ့ရာ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခြင်းမရှိသေးသော်လည်း မြို့ဧရိယာ အများစုကို စိုးမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ကုန်းနေရာကိုလည်း သိမ်းပိုက်ထားသည်။