ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် ဒီဇင်ဘာလဝက်အတွင်း တိုက်ပွဲ ၄၅ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ၁၁ဦး သေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁ရက်မှ ၁၅ရက်အထိ စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများကို အသိပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲများအတွင်း ပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးရှိ၊မရှိအခြေအနေကို ဖော်ပြမထားပေ။
တိုက်ပွဲများဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်များမှ ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီး (၂၈)လုံးခန့် ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟုလည်း အသိပေးထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ဖာပွန်ခရိုင်တွင် တိုက်ပွဲ ၄၃ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် အရာရှိ စစ်သည် ၈၈ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က အသိပေးထားသည်။
နိုဝင်ဘာအတွင်း မထောစခန်းနှင့် ကူးဆိပ်စခန်းများကိုလည်း KNUတပ်မဟာ(၅)နှင့် တော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။
ယခု ဒီဇင်ဘာလအတွင်း၌လည်း ဖာပွန်ခရိုင်ရှိ တောင်သုံးလုံးစခန်းနှင့်ဆင်စွယ်စခန်းတို့ကို ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ရာလက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့သည်။
KNU တပ်မဟာ(၅)နှင့် ပူးပေါင်းတပ်များသည် ဖာပွန်မြို့အနီး လက်ကျန် စစ်ကောင်စီဗျူဟာကိုလည်း ကာလရှည် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက် လျက်ရှိသည်။