ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA)အပါအဝင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မိုးကုတ်မြို့တွင် တအာင်းတပ်မတော်(TNLA)၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူ ၃၀၀ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ရာ စစ်ကောင်စီ သတင်းပေးများလည်း ပါဝင်သည်ဟု TNLAက ယနေ့(ဒီဇင်ဘာ ၁၉ရက်) သတင်းထုတ်ပြန်သည်။
TNLAပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ယခုနှစ် ဇူလိုင် နောက်ဆုံးပတ်တွင် မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ရာ ယခု ဒီဇင်ဘာအထိ မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်သူ များစွာကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ဖမ်းမိသူများအနက် ယခင်စစ်ကောင်စီထိန်းချုပ်စဥ်ကာလက ၎င်းတို့အား ညီနောင်မဟာမိတ်များ၏ သတင်းအချက်အလက်များရယူပေးပို့ရန် မူးယစ်ဆေးဝါးများပေးပြီး ရောင်းဝယ်သုံးစွဲခွင့်ပြုထားသူ အများအပြားပါဝင်ကြောင်း TNLAက ထုတ်ပြန်သည်။
မိုးကုတ်မြို့ကို TNLA တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေအတွင်း ဖမ်းမိခဲ့သည့်မူးယစ်ဆေးဝါးသုံးစွဲသူများအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းတွင်ပို့ဆောင်ကာ ၎င်းတို့အား ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဟု အသိပေးသည်။
ထို့ပြင် မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေးဟူသည့် လုပ်ငန်းစဥ်(၅)ရပ်ဖြင့် ဆောင်ရွက်နေကြောင်း အသိပေးသည်။