ဇူလိုင်-၂၅၊၂၀၂၆။ဖိုးသား/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မနေ့က(ဇူလိုင် ၂၄ ရက်)မနက်ပိုင်းက လောင်းရှည်မြို့ကနေ ထွက်လာတဲ့ အင်အား ၄၀၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဆော-ဆိပ်ဖြူလမ်းပိုင်းကတဆင့် ဆောမြို့ကို ၀င်ရောက်ဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
“စစ်ကြောင်းက လောင်းရှည်-သီးကုန်း လမ်းမအတိုင်း မတက်ဘဲ ၂ကြောင်းခွဲပြီး ဘေးရွာတွေကနေ ပတ်တက်နေတာ။သီးကုန်းရွာကို မရောက်သေးဘူး”လို့ လို့ ယောဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
သီးကုန်းရွာ နဲ့ ၂ရွာအကျော်က (မင်းလယ်၊ရင်းခေါ် )မှာ ဆောမြို့ တည်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က အင်အားထပ်ဖြည့်လိမ့်မယ်လို့ သူက ပြောပါတယ်။
ချင်းတောင်ပိုင်းတိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က မကွေးမြို့ကနေ စစ်ကားအစီး ၅၀ ခန့်ပါတဲ့ တပ်မ (၉၉) စစ်ကူယာဉ်တန်းဟာ လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅)ကို အခုဇူလိုင် ဒုတိယပတ်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ပေါက်မြို့နယ် အမှတ် (၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄ )က ထွက်လာတဲ့ အင်အား ၄၀၀ ခန့်ကလည်း ပေါက်- ကျောက်ထု လမ်းအတိုင်း ဆောမြို့နယ်၊ကျောက်ထုအမြောက်တပ်ကို ၀င်ရောက်ပြီး ကျောက်ထု-ထီးလင်းမြို့ လမ်းပေါ်က ကျေးရွာတချို့မှာ တပ်စွဲထားပါတယ်။
စစ်တပ်ဟာ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိတဲ့ တပ်မ (၅) ခုကနေ ထုတ်နှုတ်အင်အား ၁,၀၀၀ ကျော် စုဖွဲ့ပြီး တပ်မ (၉၉)က အခြေချဗျူဟာအဖြစ်ကွပ်ကဲကာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ထိုးစစ်ဆင်နေပါတယ်။
ဒါ့အပြင် ကန်ပက်လက်မြို့ကိုလည်း တပ်မ (၃) ခုကနေ ထုတ်နှုတ်အင်အား ၈၀၀ ခန့်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မေလ၀က်ကစပြီး ဇူလိုင် ဒုတိယပတ်အထိ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ နီးပါးနဲ့ အခြားလေယာဉ်တွေနဲ့ အကြိမ်ရေ ၃၀ ကျော် ဗုံးကြဲထားတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ မေလလယ်ကစပြီး ချင်းတောင်ပိုင်းထိုးစစ်အတွက် အင်အားအလုံးအရင်းနဲ့ ၀င်ရောက်လာမှုအပေါ် ချင်းပြည်သူ့အစည်းအရုံးနဲ့ မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။
တိုက်ပွဲကာလအတွင်း စစ်တပ်က အင်အား ရာချီထိခိုက်သေဆုံးသလို စစ်သုံ့ပန်းတွေ ဖမ်းမိတာ၊ လက်နက်ခဲယမ်းတွေ သိမ်းရတာတွေရှိတယ်လို့လည်း ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်အသိပေးထားပါတယ်။
လက်ရှိ ဆောမြို့နဲ့ ကျောက်ထုမြို့ အနီးမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့လည်း ဒေသခံ လူမှုအဖွဲ့အစည်းတာ၀န်ရှိသူတွေက တိုက်တွန်းထားပါတယ်။

















































