စစ်အာဏာရှင်ဖြုတ်ချရေးထက် အရေးကြီးသည့်ကိစ္စမရှိဟု အသိပေး၊ ချင်းတပ်ဖွဲ့များ အချင်းချင်း ပူးပေါင်းမှ လွတ်မြောက်မည်ဖြစ်၍ လက်တွေ့ကျစွာပူးပေါင်းနိုင်ရေး ပြင်ဆင်ထားဟု ပြော
ဟန်နွေ/People’s Spring
ချင်းပြည်နယ်တစ်ခုလုံးသာမက နိုင်ငံတဝန်းအခြားဒေသများ လွတ်မြောက်ရေးတွင် တက်နိုင်သည့်ကဏ္ဍမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းညီနောင် တာဝန်ရှိသူများက ယနေ့(ဒီဇင်ဘာ ၂၃ရက်) ပြောကြားသည်။
ချင်းညီနောင်က ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်မြို့ကို သေနတ်မဖောက်ရဘဲ စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေးသွားသည့် အခြေအနေတွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၂၃ရက်)တွင် ချင်းညီနောင်က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
ကန်ပက်လက်မြို့ကို ယခုကဲ့သို့ သိမ်းပိုက်နိုင်ခြင်းမှာ စစ်၏ သဘောသဘာ၀အရ မင်းတပ်ကို သိမ်းပိုက်နိုင်သည့် အခြေအနေတွင် ကန်ပက်လက်ရှိ တပ်များက ၎င်းတို့ အခြေအနေကို နားလည်ပြီး ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း၊ အကယ်၍ မဆုတ်ခွာပါကလည်း CDF ကန်ပက်လက် အပါအဝင် ချင်းညီနောင်က တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်နေသည့် အခြေအနေဖြစ်ကြောင်း ချင်းညီနောင် တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ချင်းပြည်တောင်ပိုင်းတစ်ခုလုံးစစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ပြီး ဖလမ်းမြို့သိမ်း အောင်မြင်မှု ရရှိအောင် အရှိန်မြှင့် ထိုးစစ်ဆင်နေကြောင်း၊ ချင်းညီနောင် လှုပ်ရှားနယ်မြေ မြို့နယ် များအပါအဝင် ချင်းပြည်နယ် တစ်လုံးလွတ်မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်တာဝန်ရှိသူများက ပြောသည်။
လက်ရှိ ဖလမ်းမြို့တွင် စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ကုန်းတစ်ခုသာ ကျန်တော့ပြီး ကျန်သည့်နေရာများ၌ စစ်ကောင်စီ ကင်းစင်သွားပြီဟု ဆိုသည်။
ချင်းပြည်လွတ်မြောက်ဖို့ အားလုံးက ဝိုင်းဝန်း ကြိုးစားသကဲ့သို့ အခြားဒေသများ လွတ်မြောက်ရေး ပြန်လည်ကြိုးစားမည်ဟုလည်း ချင်းညီနောင် အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချန်းဖေက ပြောသည်။
“ကျနော်တို့ဒေသ လွတ်မြောက်ရုံနဲ့ ကျနော်တို့က ဒီအတိုင်း အေးဆေးနေမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
သက်ဆိုင်ရာ အဖွဲ့များနှင့်ပူးပေါင်းပြီး အားလုံးလွတ်မြောက်ရေး ပါဝင်နိုင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပြီးတော်လှန်အင်အားစုများဖြင့် လက်တွဲသွားမည်ဟု အသိပေးသည်။
ချင်းညီအကိုများ ပြန်လည်ပေါင်းစည်းရေးအတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ချင်းညီနောင်တာဝန်ရှိသူများက ပြောသည်။ ချင်းပြည်ကောင်စီနှင့် ချင်းညီနောင်အကြား ကွဲလွဲမှုများ ရှိနေသည့် အခြေအနေတွင် ပြန်လည်ပေါင်းစည်းနိုင်ရေး ချင်းညီနောင်ဘက်က ညှိနှိုင်းရေးအဖွဲ့ဖွဲ့စည်းကာ တတိယ အင်အားစုများမှတဆင့် ကြိုးပမ်းသွားမည်ဟုဆိုသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ကွဲလွဲမှုသည် စစ်အာဏာရှင်ကို ဖြုတ်ချရေးလောက် အရေးမကြီးကြောင်း ချင်းညီနောင်တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျနော်တို့ ပူးပေါင်းမှပဲ လွတ်မြောက်မယ်ဆိုတာလည်း နားလည်တယ်။ ဒါအရှိတရားပဲ” ဟု ချင်းညီနောင် တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
ပူးပေါင်းရာ၌လက်တွေ့ကျစွာ၊ ရိုးသားစွာဖြင့် စစ်မှန်သည့် အပြန်အလှန် လေးစား တန်ဖိုးထားမှုဖြင့် ပူးပေါင်းရန်လိုအပ်ကြောင်းလည်း ချင်းညီနောင်က ပြောသည်။
၂၀၂၄ ဧပြီတွင် ချင်းပြည်နယ် မင်းတပ်တွင် စစ်ကောင်စီကို ဦးစွာ တော်လှန်ခဲ့ပြီး လေ့လာသုံးသပ်သူများ ပြောဆိုခဲ့သည့် ချင်းပြည်ကို ပထမဆုံးလွတ်မြောက်ဖို့ မျှော်လင့်ခဲ့သော်လည်း အခက်အခဲ ပြဿနာများ ရှိခဲ့ကြောင်း၊ ထို့နောက် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ၏ အစိတ်အပိုင်းအဖြစ် ချင်းညီနောင် ဖြစ်ပေါ်လာကြောင်း၊ ချင်းပြည်နယ်တွင် စစ်အုပ်ချုပ်ရေးကင်းစင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အုပ်ချုပ်ရေး ဖော်ပေါက်လာစေရန် ရည်မှန်းထားကြောင်း သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ရှင်းပြသည်။
ICNCC/CBက ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း အကြား ညှိနငိင်းရေး နှင့်ပတ်သက်သည့် စုဖွဲ့မှု ပြုလုပ်လျက်ရှိသော်လည်း အခက်အခဲများ ရှိနေသေးသည်ဟုဆိုသည်။
ICNCC အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့် ဆက်သွယ် ဆက်ဆံမှုရှိသကဲ့သို့ NUG ကာကွယ်ရေးနှင့် ဆက်သွယ်ချိတ်ဆက်မှုရှိကြောင်း၊ သို့သော် ယခု ဆင်နွှဲခြ့သည့် စစ်ဆင်ရေးများကို ချင်းညီနောင်က အပြည့်အ၀ ဦးဆောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
ချင်းညီနောင်သည် CDF မင်းတပ်၊ မရာတပ် MDF၊ CDF ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁)၊ PDF ဇိုလဲန်း၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တို့နှင့်စုဖွဲ့ထားခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA) အပါအဝင် မဟာမိတ်များနှင့် ပူးပေါင်းကာ မတူပီ၊ ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ်မြို့များကိုသိမ်းပိုက်ထားသည်။ ယခင် ချင်းအမျိုးသားတပ်မတော်(CNF/CNA)နှင့် CDFများ ပါဝင်သည့် ချင်းပူးပေါင်းတပ် သိမ်းပိုက်ထားသည့် လိုင်လင်းပီမြို့ကိုလည်း ချင်းညီနောင်က ထိန်းချုပ်ထားဟု အသိပေးသည်။ ဆက်လက်၍ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေသကဲ့သို့ တီးတိန်မြို့ ရရှိရေး ဆောင်ရွက်မည်ဟုဆိုသည်။
ICNCC၊ ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်များ၊ CNF နှင့် ချင်းပြည်ကောင်စီတွင် ပါဝင်နေသည့် CDFများသည် ယခင်က နိုင်ငံရေး ၊ စစ်ရေးကို အတူပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် သဘောထားကွဲကာ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ စုဖွဲ့မှုနှင့် ICNCC/ချင်းညီနောင် စုဖွဲ့မှုဟူ၍ ပေါ်ပေါက်လာကာ ချင်းတပ်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုနှင့် အခြားပြဿနာများဖြစ်ခဲ့သည်။
ICNCC အနေဖြင့် လက်ရှိတွင် CNO/CNDF ဒေသ ဖလမ်း၌ ရုံးချုပ်ထားရှိပြီး သိမ်းပိုက်ထားသည့် မတူပီ၌လည်း ICNCC ရုံးရှိနေကြောင်း၊ ယခု မင်းတပ်၊ ကန်ပက်လက် အပါအဝင် ချင်းပြည်တောင်ပိုင်း၌ ပြည်သူ့ အုပ်ချုပ်ရေးများဖြင့် ပူးပေါင်းကာ အုပ်ချုပ်ရေး ရုံးများ ဆက်လက်ဖွင့်လှဏ်မည်ဖြစ်ကြောင်း ICNCC အလှည့်ကျသဘာပတိ ဒေါက်တာ Kintonက ပြောသည်။
တစ်ဖက်တွင်လည်း ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တပ်များသည် ဟားခါးနှင့် ထန်တလန်ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပြီး CNF ဌာနချုပ်တည်ရှိရာ ထန်တလန်မြို့နယ် တွင် ချင်းလုံမြို့ဟု သတ်မှတ်ပြီး ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ ရုံးစိုက်ထားရှိသည်။