■စစ်ကောင်စီလက်အောက်ခံအသင်းအဖွဲ့များက AA ကို ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်
■ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်သားများကဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကို ငဲ့ညှာသောအားဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့သောကြောင့်အဖမ်းခံရကြောင်း မဟုတ် မမှန်ဖော်ပြ
ဇော်ဂျီ(ဧရာဝတီ)/People’s Spring
ရခိုင်ပြည်နယ်တွင်စစ်ရှုံးပြီး တိုင်းစစ်ဌာနချုပ် အပါအဝင် ၁၄ မြို့နယ် ဆုံးရှုံးခဲ့သောစစ်ကောင်စီက ရခိုင် နှင့် အာရက္ခတပ်တော် (AA) မုန်းတီးရေးများ အရှိန် မြှင့်ဖန်တီးလာသည်။
AAသည် စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ်ခဲ့သည်ဆိုသည့် သတင်းအမှားကို မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)က ဒီဇင်ဘာ ၂၈ ရက် ရင်စွဲဖြင့်ထုတ်ပြန်ချက်ကို စစ်ကောင်စီဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ဖြန့်ဝေလာသည်။
အဆိုပါထုတ်ပြန်ချက်တွင် လူမျိုးရေးပြဿနာဖြစ်အောင် လှုံ့ ဆော်ထားသည်ကိုတွေ့ရသည်။ ထို့အပြင် တိုက်ပွဲများတွင် AAလုပ်ဆောင်ခဲ့ခြင်းမရှိသည့် သွေးထွက်သံယိုမြင်ကွင်းများကို AAကျူးလွန်သည်ဟုဆိုကာ သတင်းအမှားဖြန့်ဝေထားသည်။
အလံဖြူထောင်ခဲ့ကြသည့် တပ်မတော်သားများအား ကျင်းတူးခိုင်း ပြီး ၎င်းမြေကျင်းထဲသို့ ထည့်၍ လည်လှီးကာ သတ်ဖြတ်ခဲ့ကြသည်ဟု ထုတ်ပြန်ထားပြီး အဆိုပါဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ရခိုင် စစ်ရေးရင်းမြစ် အချို့ကပြောသည်။ ထို့အပြင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများစီးလာသောသင်္ဘောကို ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးများကိုလည်း သတ်ဖြတ် ခဲ့ကြသည်ဟုလည်း အမှန်တကယ်မဟုတ်သည့် ဖြစ်စဉ်ကို ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်အမှန်မှာ ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း မင်းပြားမြို့နယ်နှင့်ကျောက်တော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီရေတပ်၏ စစ်ရေယာဉ် ငါးစင်းကို AAက တိုက်ခိုက်နှစ်မြှုပ်ခဲ့သည့်ဖြစ်စဉ်ဖြစ်သည်။ မတိုက်ခိုက်မီသတိပေးခဲ့ပြီး လက်နက်မချ၍တိုက်ခိုက်စဉ် ရေယာဥ်များ နစ်မြှပ်ခဲ့ပြီးပင်လယ်အတွင်းထွက်ပြေးသူများကို AAတပ်ဖွဲ့ဝင်များက စက်လှေများဖြင့်လိုက်လံကယ်ဆယ်ပေးခဲ့သည်။ ထို့အပြင် စစ်သုံ့ပန်းမိသားစုဝင်များ၊ ကလေးငယ်များ အမှန်တကယ်မသေဆုံးခဲ့ဘဲ ရန်ကုန်မြို့၊ ဘုရင်နောင် အမှတ်(၁) စစ်ကြောရေးနှင့်တည်းခိုရေးတပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
စကခ(၉) လက်အောက်ခံ တပ်ရင်းများမှ မှီခို သက်ကြီးရွယ်အိုအမျိုးသားချင်းဆယ်ဦး၊ စစ်သည်များ၏ ဇနီး၅၃ဦး၊ အရွယ်ရောက်ပြီး ကလေး ကျား/မ၂၈ဦး၊ အရွယ်မရောက်သေးသော ကလေး ကျား/မ၂၁ဦး ၊ စုစုပေါင်း၁၁၂ဦးသည် ဘုရင့်နောင်အမှတ် (၁)စစ်ကြောရေးနှင့်တည်းခိုရေးတပ်သို့ ရောက်ရှိနေပြီး စာရေးသောက်ရေးအခက်အခဲတွေ့နေသည်ဟု ဆိုကာစစ်တပ်ထောက်ခံသူအချင်းချင်း လူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်းခဲ့ကြဖူးသည်။
ထိုအချိန်ကလည်း AAက တရားဝင်သတင်းမထုတ်ပြန်မီ စစ်ကောင်စီဝါဒဖြန့်ချိရေးမီဒီယာများက AAသည် ကလေးငယ်များ၊ အမျိုးသမီးများကို ရေနှစ်သတ်ဖြတ်ခဲ့သည်ဟု ဖြန့်ဝေပြီး လူမျိုးရေးပြဿနာမီး မွှေးခဲ့ဖူးသည်။ တချိန်တည်းတွင် ရန်ကုန်နှင့်မန္တလေးမြို့အပါအဝင် မြို့ကြီးများရှိ ရခိုင်ဆိုင်များ ပိတ်သိမ်းရန် မျိုးချစ်အမည်ခံအဖွဲ့များက ခြိမ်းခြောက်ခဲ့ဖူးသည်။
မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏စာဖော်ပြပြီး နောက်နေ့ ဒီဇင်ဘာ ၃၁ ရက်တွင်စစ်တပ်လက်အောက်ခံ အသင်းအဖွဲ့များကပါ AA ၏ လုပ်ရပ်အပေါ်အပြင်းအထန် ကန့်ကွက်ကြောင်းဖော်ပြလာသည်။တိုက်ပွဲများတွင် စစ်သားများက ဒေသခံပြည်သူများ၏ အသက် အန္တရာယ်ကို ငဲ့ညှာသောအားဖြင့် ထိန်းသိမ်း ပစ်ခတ်ခဲ့သဖြင့် စစ်သုံ့ပန်းအဖြစ်အဖမ်းခံရကြောင်း ၊ AA က စစ်သုံ့ပန်းများကို ရက်စက်စွာသတ်ဖြတ်သဖြင့် ကန့်ကွက် ရှုံ့ချကြောင်း အဆိုပါစာများတွင်ဖော်ပြထားသည်။ အမှန်တွင် စစ်တပ်က ဒေသခံပြည်သူလူထုကို ငဲ့ညှာသောတိုက်ပွဲမရှိခဲ့ဘဲ စစ်တပ် ပစ်ခတ် တိုက်ခိုက်မှုများကြောင့်သာ ပြည်သူများသေဆုံး ၊ဒဏ်ရာရ နေအိမ်များပျက်စီးခဲ့သော ဖြစ်စဥ်များစွာရှိခဲ့သည်။
AA လုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်သော အသင်းများတွင် ဗုဒ္ဓကလျာဏယုဝ(YMBA) အသင်း ၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၊ ဂီတ အစည်းအရုံး ၊အားကစားမီဒီယာများအဖွဲ့ချုပ် ၊ သဘင်အစည်းအရုံး ၊ စာရေးဆရာအသင်း ၊ သတင်းမီဒီယာကောင်စီ စသော စစ်တပ် သြဇာခံအသင်းအဖွဲ့များပါဝင်သည်။
ထိုအပြင် စစ်တပ်ဝါဒဖြန့် တယ်လီဂရန် ချန်နယ်များကလည်း AA နှင့် ရခိုင် မုန်းတီရေး လှုံ့ဆော်မှုများ ဆက်တိုက် လှုံ့ဆော်နေသည်။
ယခုအခါ AAက စစ်တွေ၊မာန်အောင်၊ကျောက်ဖြူမှလွဲ၍ ရခိုင်ပြည်နယ်မှကျန်မြို့များအားလုံးကိုသိမ်းယူထားချိန်တွင် အာဏာသိမ်းစစ်အုပ်စုဘက်မှ လူမျိူရေးပြဿနာ စတင်မီးမွှေးလာခြင်းဖြစ်သည်။
” လောက်ကိုင်ကို MNDAA သိမ်းတုန်းကလည်း လူမျိုးရေးပြဿနာ မီးမွှေးတယ်။ ရခိုင်ကိုလည်း မီးမွှေးတယ်။ ပြည်သူအချင်းချင်း ညီရင်ပြဿနာမကြီးလောက်ဘူး” ဟု ဧရာဝတီတိုင်း၊ ရေကြည်မြို့မှ ဒေသခံတစ်ဦးကပြောသည်။
ရေကြည်မြို့သည် စစ်ကောင်စီလည်းအောက်ခံ ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ ဇာတိဖြစ်ပြီး တိုက်ပွဲများကြောင့်ထွက်ပြေးလာသည့် ရခိုင်တိုင်းရင်းသားများအားပစ်မှတ်ထား၍ ဖိနှိပ်မှုများပြုလုပ်နေသည်။ ထို့အပြင် ကြံ့ခိုင်ရေးပါတီလည်း အထိုက် အလျောက်အားကောင်းသည့် မြို့နယ်ဖြစ်ပြီး ဒေသတွင်း၌ လူမျိုးရေးပြဿနာ ဖန်တီးမည်ကို ဒေသခံများကစိုးရိမ်မှုများရှိနေသည်။
AAသည် ဒီဇင်ဘာလအတွင်းတိုက်ပွဲများတွင်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ အမှတ်(၁၅) စစ်ဆင်ရေးကိုကဲမှုဌာနချုပ် စခက(၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ကိုဖမ်းဆီးခဲ့သည်။
စစ်သုံ့ပန်းအဖြစ်ဖမ်းထားသော ဗိုလ်မှူးချုပ်သုံးဦး၏ဓာတ်ပုံများကို AAက ထုတ်ဖော်ပြသခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ရှုံးနေပြီကိုဝန်ခံရန်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရုပ်သံမှတစ်ဆင့်တိုက်တွန်းခဲ့သည့် မှတ်တမ်းကို AAက ထုတ်ပြန်ခဲ့သည်။ အရှက်ရစရာထိုဖြစ်စဉ်များအတွက် စစ်ကောင်စီက အငြိုးအတေးထားနေသည်။
ရခိုင်တစ်ပြည်နယ်လုံး သိမ်းယူလုနီးပါးအခြေအနေတွင် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမည်ဟု AAက ဒီဇင်ဘာလ၂၉ရက်နေ့တွင်ထုတ်ပြန်လာပြီး အဆိုပါထုတ်ပြန်ချက်သည် အာဏာသိမ်းစစ်အုပ်စုကိုအကျပ်ရိုက်စေသည်ဟု စစ်ရေးလေ့လာသူများကပြောသည်။ ထို့ကြောင့် စစ်ကောင်စီသည် လူမျိုးရေးပြဿနာကို ပစ်မှတ်ထား၍ မီးမွေးရန်ကြိုးစားလာခြင်းဟု သတိပေးမှုများလည်းရှိသည်။
(မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲ ကာ ရခိုင်ပြည်နယ် တွင် ၁၄ မြို့နယ်သိမ်းပိုက်ထိန်းချုပ်ထားသော AA တပ်ဖွဲ့ဝင်များ နှင့်စစ်ကောင်စီ သြဇာခံ အသင်းအဖွဲ့များ၏ ထုတ်ပြန်ချက်)