-People’s Spring
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပညာသင်ခဲ့ဖူးတဲ့ ဗြိတိန် ကောလိပ်ရဲ့ကျောင်းအုပ်ကြီးကဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ်မှာရှိတဲ့ စိန့်ဟုဂျ်ကောလိပ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်သူ လေဒီ အဲလစ်ရှ် အန်ဂျီယိုလီနီက အာဏာသိမ်း မြန်မာစစ်ကောင်စီဆီ လိပ်မူပြီး ဒေါ်အောင်ဆန်းကြည်ကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့ဖူးတယ်လို့ ကျောင်းအုပ်ကြီးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားခဲ့ပါတယ်။
အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ အဓမ္မ အာဏာသိမ်းယူမှု အပြီးကတည်းက ဖမ်းဆီးချုပ်နှောင် ခံထားရပါတယ်။ သူဟာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပြီး သီးသန့် တိုက်ပိတ် ချုပ်နှောင်ခံထားရကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အရပ်သား ဒီမိုကရေစီ အစိုးရကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်တပ်က အဓမ္မ ဖယ်ရှားပြီး ဖမ်းဆီးချုပ်နှောင်ထားတဲ့ အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ ရုန်းကန် ဖြတ်သန်းရမှုတွေနဲ့ ပတ်သက်ပြီး Cancelled: The rise and fall of Aung San Suu Kyiဆိုတဲ့ မှတ်တမ်း ဗီဒီယို တစ်ခုမှာ ဖော်ပြထားခဲ့ပါတယ်။
၂၀၁၂ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ဆီ ရောက်လာတာကို ကိုယ်တိုင် ကြိုဆိုခဲ့ဖူးတဲ့ လော့ဒ်ဟေ့ဂ်က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်ပြီး စစ်တပ် အုပ်စိုးသူတွေက အရမ်းကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာ အကျဉ်းချထားတာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြောဆို လုပ်ကိုင်ခဲ့တာ တချို့နဲ့ ပတ်သက်ပြီး သဘောမတူချင်စရာ တချို့ ရှိခဲ့ရင်တောင် သူဟာ မျိုးဆက်တစ်ခုအတွင်း မြန်မာရဲ့ အခိုင်မာဆုံး ဒီမိုကရေစီ အင်အားတစ်ရပ် ဖြစ်ခဲ့တာကို မျက်ကွယ်ပြုလို့ မရကြောင်း၊ အဲဒီလို ဒီမိုကရေစီ အင်အားတစ်ရပ် ဖြစ်နေလို့ပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းချခြင်း ခံထားရတာဖြစ်ကြောင်း အဲဒီ ဗီဒီယိုထဲမှာ ပြောကြားထားခဲ့ပါတယ်။
ဟိဂ်ရည်ညွှန်းတဲ့ သဘောမတူတဲ့ အခြေအနေတွေ ဆိုတာဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ဦးဆောင်နေသူ ဒေါ်အောင်ဆန်းစုကြည်က အတိုင်းအတာ တစ်ခုထိ နှုတ်ဆိတ်နေခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။
ကျောင်းအုပ်ကြီး အန်ဂျီယိုလီနီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကလည်း ကျောင်းအုပ်ကြီးဟာ လော့ဒ်ဟေ့ဂ်နဲ့ တူညီတဲ့ သဘောထားမျိုး ရှိသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အာဏာသိမ်း မြန်မာစစ်တပ်ဆီ စာရေးသား တိုက်တွန်းခဲ့ဖူးတယ်လို့ Independentကို ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စိန့်ဟုဂျ် ကောလိပ်မှာ ၁၉၆၈ ခုနှစ်တုန်းက ဘွဲ့ကြိုတန်း တက်ရောက်ခဲ့ဖူးသလို နောက်ပိုင်းမှာ ဂုဏ်ထူးဆောင် ဘွဲ့ကိုလည်း အဲဒီကောလိပ်ဆီကနေ အပ်နှင်းခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၆၇ နှစ်ပြည့် မွေးနေ့ကိုလည်း အဲဒီကောလိပ်မှာပဲ ကျင်းပခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စိန့်ဟုဂျ် ကောလိပ်မှာ နိုင်ငံရေး၊ ဒဿနိကဗေဒနဲ့ စီးပွားရေး ပညာရပ်တွေ ဆည်းပူး သင်ယူခဲ့ပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မူလတုန်းက ကောလိပ်ထဲမှာ ချိတ်ဆွဲထားရှိခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အငြင်းပွားစရာ အရှုပ်အထွေးတွေနဲ့ ဆက်နွှယ်ပြီး ၂၀၁၇ ခုနှစ်မှာတော့ အဲဒီဓာတ်ပုံကို ပြန်လည်ဖြုတ်ချ သိမ်းဆည်းထားကြောင်းလည်း သိရပါတယ်။
ကိုးကား -Independent
(မိန့်ခွန်းပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် / အောက်စ်ဖို့ဒ်မှာရှိတဲ့ စိန့်ဟုဂျ်ကောလိပ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်သူ လေဒီ အဲလစ်ရှ် အန်ဂျီယိုလီနီ / အောက်စ်ဖို့ဒ် တက္ကသိုလ်တက်ရောက်ခဲ့စဥ်က ဒေါ်အောင်ဆန်းစုကြည်။ဓါတ်ပုံ-Getty )