သတိုး၊ကျော်ဇောPeople’s Spring
နှစ်သစ်ကူးကာလတွင် ပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)မှ တာဝန်ရှိသူက ပြောသည်။
“လွတ်လပ်ရေးနေ့မှာ မြန်မာပြည်သူတွေမလွတ်လပ်သေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ကြောက်စိတ်နဲ့ မလွတ်မလပ်ထိတ်လန့်နေစေရမယ်၊ အထူးသဖြင့်လေတပ်ပေါ့။ ဒါကြောင့် ဒီမစ်ရှင်ကို ဒီနေ့မှာလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ ကူညီပေးခဲ့တဲ့မဟာမိတ်အဖွဲ့အားလုံး ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းစစ်ဆင်ရေးကို ယနေ့(ဇန်နဝါရီ ၄ရက်)နံနက်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
“ပစ်ပြီး ၄မိနစ်မှာ စခတွေဘက်က ၁၂၀ နဲ့ တစ်လုံး၊ ၁၅ မိနစ်မှာ နှစ်လုံးဆက်တိုက် စုစုပေါင်းသုံးလုံးပြန်ပစ်ပါတယ်၊ ဒါပေမယ့်ရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံစွာဆုတ်ခွာနိုင်ခဲ့ပါတယ်၊”ဟု ၎င်းက ဆက်ပြောသည်။
တောင်ငူလေတပ်စခန်းသည် နှစ်သစ်ကူးညတွင် ကရင်နီပြည်ဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ လေတပ်များအနက် တောင်ပိုင်းရှိ အရေးပါသော လေတပ်စခန်းတစ်ခုဟု ဆိုသည်။ ပြည်သူများ လေကြောင်းတိုက်ခိုက်ရာတွင် အဓိကသုံးသည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန်အခြေပြုနေသော လေတပ်စခန်းတစ်ခုဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှထိခိုက်မှုကိုစုံစမ်းဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
Brave Warriors for Myanmar (BWM) နှင့်မဟာမိတ်များအနေဖြင့် တောင်ငူလေတပ်စခန်းကို ခြောက်ကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် နှစ်သစ်ကူးကာလ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးကျော်ရှိခဲ့သည်။
၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နှင့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်တို့တွင် မန္တလေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ရှမ်းပြည်နယ် ၊ကရင်နီပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ မြို့ရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


















































