ဟန်နွေ/People’s Spring
မန္တလေးတိုင်း မလှိုင်မြို့နယ်ရှိ ကျေးရွာအချို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအားပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ဟု မြင်းခြံခရိုင်အမှတ်(၈) တပ်ရင်းNatogyi Regional Defence Force (NRDF)က ယနေ့(ဒီဇင်ဘာ ၅ရက်) သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂ရက် နံနက် ၁၀နာရီခန့်တွင် မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းနှင့် မဟာမိတ်များ ပူးပေါင်း၍ မလှိုင်မြို့နယ်၊ သုံးတောင်ကျေးရွာနှင့် သရက်ကောင်းပင်ကျေးရွာများရှိ စစ်ကောင်စီတပ်အထိုင်ချ တပ်စွဲထားသောနေရာများအား တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲ ၁နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
ထို့ပြင် စစ်ကောင်စီတပ်ကြပ်ကြီး တစ်ဦးအရှင် ဖမ်းမိပြီး G-3အမျိုးအစား သေနက်(၃)လက်နှင့် ကျည်များ သိမ်းရခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဒေသတွင်း PDFနှင့် ပကဖ တပ်များဖြစ်သော မြင်းခြံခရိုင် တပ်ရင်း(၈)၊ တပ်ရင်း(၃)၊ တပ်ရင်း(၄) တပ်ရင်း(၁၀)၊ မိတ္ထီလာခရိုင် အမှတ်(၂) တပ်ရင်း (MHLG – PDF)၊ နွားထိုးကြီးမြို့နယ် ပ.က.ဖ၊ မလှိုင်မြို့နယ် ပ.က.ဖတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ဒေသတွင်း စစ်ရေးအခြေအနေများကို မေးမြန်းရန် NRDFထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)