ဇူလိုင် ၈၊ ၂၀၂၆။ ထားမြတ်၊ဖိုးသား/People’s Spring
စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။
မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းနဲ့ စစ်ဆိုင်ထားသောနေရာတွေက စစ်သား ၄ဦးဟာ ဇွန် ၄ရက်နဲ့ ဇူလိုင် ၅ရက်တွေမှာ အလင်းဝင်ပူးပေါင်းလာတာလို့ ဖော်ပြပါတယ်။
အလင်းဝင်လာသူ ၄ဦးအနက် ၁ဦးဟာ ဒုတပ်ကြပ်ဖြစ်ပြီး ကျန်သုံးဦးက စစ်မှုထမ်း တပ်သားသစ်တွေလို့ အသိပေးပါတယ်။

Public Service Announcement
အလင်းဝင် ဒုတပ်ကြပ်နဲ့ မော်လိုက်ခရိုင် တပ်ရင်း(၃) တာဝန်ရှိသူတို့ အမေးအဖြေပြုလုပ်ထားတဲ့ ရုပ်သံကိုလည်း ဒီကနေ့မှာ ဖော်ပြခဲ့ရာ စစ်တပ်က မိဘသေရင်တောင် အိမ်ပြန်ခွင့်မပေးလို့ အနိုင်ကျင့်မှုတွေကြောင့် အခုလို အလင်းဝင်လာတာလို့ အလင်းဝင် ဒုတပ်ကြပ်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ PDF ဘက်ကို အလင်းဝင်ရင် အသတ်ခံရမယ်လို့ စစ်တပ်က ဝါဒဖြန့်ထားတာဟာလည်း လက်တွေ့မှာ မဟုတ်ဘဲ နွေးနွေးထွေးထွေး ကြိုဆိုကြတယ်လို့ အလင်းဝင်ဒုတပ်ကြပ်က ပြောပါတယ်။
PDF မော်လိုက်ခရိုင် တပ်ရင်း(၃) တာဝန်ရှိသူကလည်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ကို PDF တပ်ထဲမှာ တာဝန်ထမ်းခွင့်မပေးပေမဲ့ မိဘထံ ပြန်ချင်သလား၊ ဒါမှမဟုတ် လုပ်ငန်းတွေ လုပ်ငွေစုပြီး ခေတ်ကောင်းမှ ပြန်မလားဟု မေးမြန်းရာ ဒုတပ်ကြပ်က မိသားစုထံ ပြန်လိုတယ်လို့ ပြောပါတယ်။
ဒီလိုပြောတဲ့အပေါ် တက်နိုင်သလောက်ဖြည့်ဆည်းပေးမယ်လို့ PDF တပ်မှူးက ပြောပါတယ်။
စစ်တပ်တွင်းမှာ ကျန်နေတဲ့ ရဲဘော်တွေလည်း တော်လှန်ရေးဘက်ကို အလင်းဝင် ပူးပေါင်းကြဖို့ တိုက်တွန်းလိုကြောင်း ဒုတပ်ကြပ်က ပြောပါတယ်။
မော်လိုက်ခရိုင် တပ်ရင်း(၃)ကလည်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံခြင်းဖြင့် လူတစ်ယောက်ရဲ့ဘဝအစစ်မှန်ကိုရှာဖွေကြဖို့ တိုက်တွန်းနှိုးဆော်ထားပြီး နွေးထွေစွာ ကြိုဆိုနေမယ်လို့ ဖိတ်ခေါ်ထားပါတယ်။

















































