ရဲခေါင်/People’s Spring
KBZ Pay အကောင့်များထံမှ ငွေကြေးဖောက်ထွင်ခံရမှုသည် ၎င်းတို့ မသက်ဆိုင်ဘဲ ရဲစခန်းတွင်သာ အမှုဖွင့် ရန် ကမ္ဘောဇဘဏ်က တုံ့ပြန်ကြောင်း ဖြစ်စဥ်ကို ကြုံတွေ့ခဲ့ရသူများကပြောသည်။
ထို့အပြင် KBZ Pay သုံးစွဲသူများ၏ မိုဘိုင်းငွေကြေးများအားဖောက်ထွင်းရယူ၍ လိမ်လည်ခြင်းမှု ဖြစ်စဥ် ကို ကမ္ဘောဇဘဏ်က စုံစမ်းရာတွင် ဖုန်းဟန်းဆက်ပြောင်းလဲသည့်(Device Change) လုပ်ငန်းစဥ်ကိုသာ သက်ရောက်မှုရှိပြီး အဆိုပါဖြစ်စဥ် ၃၁ ခု သာ တွေ့ရှိ သည်ဟု KBZ Pay ၏ တရားဝင် လူမှုကွန်ယက် စာမျက်နာမှတဆင့် ဖော်ပြသည်။
လက်ရှိတွင် KBZ Pay ၏ နည်းပညာပိုင်းကို ပြုပြင်နေ၍ အချို့ Operator များ၏ ဖုန်းဟန်းဆက် ပြောင်းလဲမှုများကို ခေတ္တရပ်တန့်ပြီး ဇန်နဝါရီ ၇ ရက်တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုလုပ်ငန်းစဥ်ကို ပြန် လည် အသုံးပြုနိုင်မည်ဟု ဆိုသည်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
စုံစမ်းနေစဥ်ကာလအတွင်းငွေကြေးဆုံးရှုံးသူ ၃၁ ဦး၏ ငွေများကို ကြိုတင်အစားထိုးစိုက်ထုတ်ပေးနေကြောင်းလည်း KBZ Pay ကဆိုသည်။
သို့သော် KBZ Pay မှတဆင့် ငွေလိမ်ခံရသူများ၏ ပြောကြားချက်သည် ထုတ်ပြန်ချက်နှင့် ကွဲလွဲနေပြီး ဘဏ်၏ တာဝန်ခံမှုအပေါ်တွင်လည်း မေးခွန်းထုတ်နေကြသည်။
“Ooredooရဲ့ ဖုန်းကတ် registration process မှာ အားနည်းလို့ OTP ပေါက်ကြားတဲ့ ယိုပေါက်က ရှိနေတယ်။ KPay userတွေရဲ့ registrationတွေကို ကိုင်ခွင့်ရှိတဲ့ အတွင်းလူတွေ ပါမယ်အဲဒီတော့ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ မှတ်ပုံတင်နံပါတ်၊ မွေးနေ့ ဆိုတာတွေလောက်တော့ ကျားဖြန့်တွေဆီ အချက်အလက်ရောက်မယ်။အဲဒါကို ကျားဖြန့်တွေက exploitလုပ်တယ်။အဲဒါတွေကို သုံးပြီး ကျားဖြန့်တွေက targeted accountတွေရဲ့ password ကို ကံစမ်းပြီး ရိုက်ထည့်တာ”ဟု ငွေလိမ်ခံရသူတစ်ဦး ၏ မိတ်ဆွေက ပြောသည်။
ကမ္ဘောဇဘဏ် ဝန်ထမ်းဟောင်းကလည်း “K Pay သုံးစွဲသူတွေရဲ့အခြေခံအချက်အလက်(ဖုန်းနံပါတ်၊မှတ်ပုံတင်)ကို ရလို့ လိမ်လည်မှုတွေ လုပ်နိုင်တာ။ဒါလည်း အတွင်းလူ ပါမှ ဖြစ်မယ့်ကိစ္စတွေ။ နောက်ပြီးအခု စနစ်အရ Kpay နဲ့ KBZ banking က mobile banking ကနေ K pay ထဲ တရက်ထည့်လို့ရမယ့် ပမာဏ သတ်မှတ်ထားတာထက်ပိုပြီး ငွေခိုးထုတ်လို့ရသွားတယ်ဆိုတာလည်းတွေ့ရတော့ ပိုအံ့သြတယ်”ဟု လူထုနွေဦးသို့ပြောသည်။
ငွေလိမ်လည်သူများသည်ဘဏ်အကောင့်ပိုင်ရှင်များသတိထားပြီး မတုံ့ပြန်နိုင်စေရန်ညအချိန် တွင်ပြုလုပ်သွားခြင်းဖြစ်နိုင်ကြောင်း၎င်းတို့ကသုံးသပ်သည်။ ထိုအပြင် အလိမ်ခံရသောအကောင့်မှာ ၃၁ ဦးထက်ပိုများနိုင်ပြီး KBZ က ပြသာသိပ်မကြီးဟုထင်စေရန်အရေအတွက်လျော့ပြောခြင်းဖြစ်နိုင်ကြောင်း သုံးစွဲသူအချို့ကပြောသည်။
“ရဲစခန်းကတောင် ဖုန်းတွေ သိမ်းထားရမှာ နှမြောလို့ စခန်းမှူးလက်မှတ်ပါပြီး ထောက်ခံစာ လုပ်ပေးလို့ ဒီအတိုင်းတင်ပေးလိုက်ပါ အဆင်ပြေပါတယ်လို့ စခန်းမှူးကိုယ်တိုင် ပြောလိုက်တာတောင် သူတို့ဆီရောက်သွားတော့ဘာမှအကျုံးမဝင်ဘူးတဲ့လေ”ဟု K Pay မှတဆင့် ငွေလိမ်ခံရသူတစ်ဦးက KBZ ဘဏ်၏ တုံ့ပြန်မှုကို ပြောသည်။
ထို့အတူ K Pay မှ ငွေလိမ်ခံရသူ တစ်ဦး ကလည်း “လိမ်လည်မှုက ကျမတို့နဲ့ မဆိုင်ပါရဲအမှုပါ ပြောတာကြရော။ဖြစ်စဉ်လည်းမမေး လုပ်ငန်းစဉ်တွေလည်း မမေးပဲ ကျမတို့နဲ့မဆိုင် ရဲဆီပဲသွားပါပြောတာကြရောkpay လည်း မသုံးတော့ သလို kbz acc ထဲလည်း ငွေမထားရဲတော့ပါဘူးနော်”ဟု KBZ Pay ၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း K pay မှ တဆင့် ဖုန်းဘေဖြည့်သူများမှာလည်း ငွေ သာ အဖြတ်ခံရပြီး ဖုန်းဘေ ရောက် ရှိမလာသည့် ဖြစ်စဥ်များအတွက် KBZ pay ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထား သည်ကိုတွေ့ရသည်။
K pay နှင့် KBZ Banking မှ တဆင့် ငွေအလွဲသုံး စားထုတ်ယူခံရမှုမှာမကြာခဏ ဖြစ်ပွားနေသည့် အပြင် စစ်ကောင်စီနှင့်ပူးပေါင်း၍ K pay အကောင့်များစွာ ကမ္ဘောဇဘဏ်က ပိတ်သိမ်းမှုများစွာပြုလုပ်လျက်ရှိသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KBZ Bank က ပိတ်လိုက်သည့် K Pay အကောင့် ၁၃,၀၀၀ ကျော်ရှိပြီး ကန့်သတ်ခံရခြင်း ယာယီပိတ်ခံရသည့် အကောင့်များပါဝင်ပါက ဘဏ် အကောင့်ပေါင်း ရှစ်သောင်း၀န်းကျင်ရှိကြောင်း FNCC Burma Fact Check Community က ထုတ်ပြန်ထားသည်။
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)