ထိုင်းငါးဖမ်းလှေ လုပ်သားတွေကို မြန်မာစစ်ကောင်စီ က ဆက်လက် ဖမ်းဆီးထားတဲ့အပေါ် စိတ်ပျက်မိကြောင်း ထိုင်းအစိုးရက ဝန်ခံခဲ့ပေမယ့် စိတ်ရှည်ရှည်နဲ့ ကိုင်တွယ်သွားဖို့ လိုအပ်ကြောင်း ပြောပါတယ်။
ထိုင်းအစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီး ဖုမ်သမ် ဝီချာရာချိုင်က ကြိုတင် မျှော်လင့်ခဲ့သလိုမျိုး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထိုင်းငါးဖမ်းလှေ လုပ်သားတွေ လွတ်မြောက်ဖို့ကိစ္စ လက်တွေ့ အထမမြောက်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ထိုင်းနိုင်ငံသား ၄ ဦး လွတ်မြောက်ရေး ကိစ္စ ဆွေးနွေးမှုတွေက ဆက်လက် ဆောင်ရွက်နေဆဲလို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့အလေးအနက်အာရုံစိုက်ပြီးအားထုတ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးက အတည်ပြုခဲ့ပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းက မြန်မာ့ရေပိုင်နက်ထဲ ငါးခိုးဖမ်းခဲ့တဲ့ ထိုင်းငါးဖမ်းလှေ တစ်စီးကို စစ်ကောင်စီ ရေတပ်က ပစ်ခတ်ဖမ်းဆီးပြီး တခြား မြန်မာနိုင်ငံသား လှေလုပ်သားတွေနဲ့အတူ မြန်မာပိုင်နက်ဖက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
မူလက ထိုင်းငါးဖမ်းလှေ လုပ်သားတွေ အမြန်ပြန်လွတ်မယ်လို့ ယူဆစရာ ရှိခဲ့ပေမယ့် ဥပဒေရေးရာ ရှုပ်ထွေးမှုတွေကို အကြောင်းပြပြီး စစ်ကောင်စီက သူတို့ကို မလွှတ်ပေးပဲဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေဟာ ကော့သောင်းမှာ အဲဒီ ၄ ယောက်နဲ့ တွေ့ဆုံခွင့် ရထားခဲ့ပြီး အားလုံးက လူရောစိတ်ပါ ကျန်းကျန်းမာမာ ရှိနေကြတယ်လို့လည်း ဖုမ်သမ်ကဆိုပါတယ်။
သတင်းတွေအရ အဲဒီ ထိုင်းနိုင်ငံသားတွေဟာ နိုဝင်ဘာလတုန်းက မြန်မာ့ရေပိုင်နက်မှာ ကျူးကျော် ငါးဖမ်းခဲ့တဲ့အတွက် ထောင်ဒဏ် ၄ နှစ်ကနေ ၆ နှစ်စီ အသီးသီး ချမှတ် ခံထားရတယ်လို့ သိရပါတယ်။ ထိုင်းအစိုးရက အဲဒီ ထိုင်းနိုင်ငံသားတွေကို လက်လွှဲခေါ်ယူနိုင်ရေး ဆက်ပြီး ကြိုးစားနေပေမယ့် မှန်းဆရခက်တဲ့ ရှုပ်ထွေးမှုတွေကြောင့် ရက်အတိအကျ ခန့်မှန်းလို့ မရသေးဘူးလို့ ဝန်ခံထားပါတယ်။
အစောပိုင်းတုန်းက ဖုမ်သမ်ဟာ ထိုင်းငါးဖမ်းလှေ လုပ်သားတွေက မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်မှာပါဝင်ပြီး လွတ်မြောက်လာမယ်လို့ ခန့်မှန်းခဲ့ပေမယ့် လက်တွေ့မှာတော့ မဖြစ်မြောက်ခဲ့ပါဘူး။ အဲဒီနေ့က ထိုင်းနိုင်ငံသား ၁၅၁ ဦးကို မြန်မာဖက်က လွတ်ငြိမ်းခွင့် ပြုခဲ့ပေမယ့် ငါးဖမ်းလှေ လုပ်သားတွေတော့ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။
ကိုးကား-Bangkok Post