ဆိုင်းမင်း/People’s Spring
မန္တလေးမြို့ ၊ မန္တလေးတောင် အဆင်းလမ်းပိုင်းမှာ ဒီနေ့ ဇန်နဝါရီလ ၈ ရက် နေ့ခင်းပိုင်းက ဘုရားဖူးယာဥ်တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါလာသူ ၁၇ဦးဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အဖွဲ့ကနေ စုံစမ်းသိရပါတယ်။
Light Truck အမျိုးအစား ဘုရားဖူးယာဥ်ဟာ နေ့ခင်း ၂နာရီက မန္တလေးတောင်အဆင်းလမ်းပိုင်း ဒုတိယကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲကိုကျသွာတာလို့သိရပါတယ်။
“ကားက ဘရိတ်ပေါက်သွားပြီး အရှိန်မထိန်းနိုင်ဖြစ်ပြီး ချောက်ထဲကျသွားတာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။
ချောက်ထဲထိုးကျသွားတဲ့ ယာဉ်ပေါ်က ယာဉ်မောင်းအပါအဝင် ၁၇ဦးဒဏ်ရာရရှိသွားတာပါ ။ လူသေဆုံးမှုမရှိဘဲ လက်ကျိုးတာ၊ ပွန်းပဲ့ဒဏ်ရာတွေသာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေထဲ ကလေးငယ် ၁ ဦးလည်းပါပြီးအများစုကတော့ လူလတ်ပိုင်းတွေနဲ့ အသက် ၅၀ ဝန်းကျင်တွေ ဖြစ်တယ်လို့သိရပါတယ်။
ဒဏ်ရာရရှိတဲ့ သူတွေကို မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနကိုပို့ဆောင်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။