ရဲခေါင်/People’s Spring
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး လေးဦးခန့် ပြင်းထန်ဒဏ်ရာရကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
သိမ်ဇရပ်မြို့ရဲစခန်းကို KRF က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် PDF (၇၈၀၅)တပ်ရင်းတို့နှင့်အတူ ဇန်နဝါရီ ၅ ရက်က ဗုံးသီးများကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“စကစ နဲ့ ရဲပူးပေါင်းအင်အား ၄၀ ခန့်ရှိနိုင်တယ်။ဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာ”ဟု KRF တာဝန်ရှိသူက ပြောသည်။
ကနဦးသတင်းများအရ ရဲစခန်းအတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ -၂၀၇မှ စစ်ကောင်စီ တပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ ရဲသုံးဦးလည်း ဒဏ်ရာရရှိသည်ဟု ဆိုသည်။
ထို့အပြင် နောက်ဆက်တွဲထိခိုက်မှုများက ဆက်လက်စုံစမ်းနေဆဲဟု KRFက အသိပေးသည်။
တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ဒရုန်းတစ်စီးသည် GPS ချို့ယွင်းမှုကြောင့်ဆုံးရှုံးခဲ့ပြီး ရဲဘော်များမှာ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
သိမ်ဇရပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ(၄၄)လက်အောက်ခံ အမြောက်တပ်(အမတ – ၃၁၀)နှင့် ခမရ(၂၀၇)တပ်ရင်း အခြေစိုက်ထားသည်။