Connect with us

Hi, what are you looking for?

သတင်း

ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၂၆ဦး သေဆုံး

အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများရှိ၊နေအိမ် ၄၀၀ခန့်မီးလောင်ကျွမ်းဟု AA အသိပေး

ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော်ကျေးရွာအား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - AA

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော်ကျေးရွာအား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၂၆ ဦးရှိခဲ့ပြီး အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်သည်။

ရက္ခိုင်ဒေသ၌ အကြီးအကျယ်စစ်ရှုံးနေသည့် စစ်ကောင်စီသည် ဇန်နဝါရီ ၈ရက် နေ့လယ် ၁ နာရီ ၂၀မိနစ်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ်ပေါင်း (၃၉၈)လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့ဟု AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

AAက ပြုစုထားသည့် စာရင်းများအရ သေဆုံးသူ ၂၆ဦး၊ အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ ၁၂ဦး၊ အသေးစားဒဏ်ရာရရှိသူ ၁၅ဦးအထက်ရှိခဲ့သည်ဟု ဆိုသည်။

အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသော သူများရှိနေသေးသောကြောင့် သေဆုံး၊ ဒဏ်ရာရသူများ အရေအတွက် ထပ်မံတိုးလာနိုင်သည်ဟုလည်း အသိပေးထားပြီး နောက်ထပ်သေဆုံး ဒဏ်ရာရသူများစာရင်း ရရှိပါက ထပ်မံဖော်ပြပေးမည်ဟု AAက ထုတ်ပြန်သည်။

အာရက္ခဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင် ပြည်သူများကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများ နှင့် လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို သူရဲဘောကြောင်စွာဖြင့် နေစဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက် ကျူးလွန် လျက်ရှိကြောင်းလည်း AAက ထုတ်ပြန်သည်။

AAသည် ရမ်းဗြဲအပါအဝင် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ခုနှင့် ချင်းပြည်နယ်၊ ပလက်၀မြို့တို့ကို အပြီးသတ် သိမ်းပိုက်ထားပြီး ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်များကိုလည်း ဆက်လက်ထိုးစစ်ဆင်မည်ဟု အသိပေးထားသည်။

ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှု အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရပြီး စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။