Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်မှာကျားဖြန့်ဂိုဏ်းတွေ ဖမ်းဆီးခံထားတဲ့သူ ၆၀၀၀ ဦးကျော်ကိုကယ်တင်​ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း​တွေ​တောင်းဆို

ထိုင်းနဲ့ နယ်စပ်နား၊ မြန်မာပိုင်နက်ထဲမှာ လှုပ်ရှားနေတဲ့ လူကုန်ကူး ဂိုဏ်းတွေရဲ့ ဖမ်းဆီးခြင်း ခံထားရသူတွေကို ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တောင်းဆိုလာကြပါတယ်။

ကျားဖြန့်ဂိုဏ်း​တွေက လူကုန်ကူးပြီး နှိပ်စက်ညှင်းပန်းမှုခံခဲ့ရသူ အချို့။ ဓါတ်ပုံ-File

ထိုင်းနဲ့ နယ်စပ်နား၊ မြန်မာပိုင်နက်ထဲမှာ လှုပ်ရှားနေတဲ့ လူကုန်ကူး ဂိုဏ်းတွေရဲ့ ဖမ်းဆီးခြင်း ခံထားရသူတွေကို ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တောင်းဆိုလာကြပါတယ်။

Civil Society Network (CSN)က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်စောင်အရ မြန်မာဖက်ခြမ်း နယ်စပ်မှာ အခြေစိုက်တဲ့ ဒုစရိုက် ဂိုဏ်းတွေက ဖမ်းဆီး ထိန်းသိမ်းထားတာ ခံရတဲ့ နိုင်ငံခြားသား ၆၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ အဲဒီ နိုင်ငံခြားသားတွေဟာ စုစုပေါင်း နိုင်ငံ ၂၁ ခုကနေ လိမ်လည်လှည့်စား လူကုန်ကူး ခံလာရပြီး တရုတ်နိုင်ငံသားတွေကတော့ အရေအတွက် ၃၉၀၀ နဲ့ အများဆုံး ဖြစ်နေတယ်လို့ CSNက ဆိုပါတယ်။

လူကုန်ကူးပြီး ဖမ်းဆီးခံထားရတဲ့ သူတွေဟာ အွန်လိုင်း ငွေကြေး လိမ်လည်မှု ကျားဖြန့် ဂိုဏ်းတွေရဲ့ အဓမ္မ ခိုင်းစေမှု၊ ကိုယ်ထိလက်ရောက် ရန်ပြု ရိုက်နှက်မှု၊ မိသားစုဝင်တွေဆီ ဆက်သွယ်ပြီး ပြန်ပေးငွေ တောင်းခံမှုလို ကိစ္စတွေကို ရင်ဆိုင် ကြုံတွေ့နေရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးတော့ မြန်မာနဲ့ နယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံပိုင် မဲဆောက်မြို့ဟာ အဲဒီလို လူကုန်ကူးမှုတွေ ကျူးလွန်နိုင်ဖို့ အဓိက ဝင်ပေါက်အဖြစ် ရှိနေတယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံသားတွေ အဓိက ထိန်းချုပ်ထားပြီး နယ်စပ်ဖြတ်ကျော် လူမှောင်ခိုမှုတွေနဲ့ တခြားရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ဒုစရိုက် ဂိုဏ်းတွေဟာ ကရင် နယ်ခြားစောင့်တပ် (BGF)ရဲ့ အကာအကွယ်ကို ရရှိထားတယ်လို့လည်း CSN အစီရင်ခံစာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၀ ရက်နေ့တုန်းကတော့ CSNဟာ ကင်ညာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ လာအို၊ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန် နိုင်ငံတွေဆီက ကိုယ်စားလှယ်တွေနဲ့ ပူးတွဲပြီး ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (NHRC)ဆီ လိပ်မူတဲ့ အိတ်ဖွင့် ပေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာရဲ့အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ လူကုန်ကူးမှု သားကောင်တွေ လွတ်မြောက်ရေးကို NHRCက ထိရောက်တဲ့ အကူအညီတွေ ပေးအောင်တိုက်တွန်းဖို့ ဖြစ်ပါတယ်။

လူကုန်ကူးခံရတဲ့ သားကောင်အများစုဟာ ထိုင်းနိုင်ငံမှာ ငွေကြေးအများအပြားရရှိနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ထောင်ချောက်ဆင် သွေးဆောင်ခံရပြီး အဲဒီကမှတဆင့် မြန်မာဖက်ခြမ်းကို နယ်စပ်ဖြတ်ကျော် ပေးပို့ခံရလေ့ ရှိတာ ဖြစ်ပါတယ်။ မိသားစုတွေဆီ အကူအညီ တောင်းခမှုတွေမှာတော့ လူကုန်ကူး ခံရသူတွေဟာ ရှော့ရိုက်ခံရတာ၊ ရေနွေးပူ လောင်းခံရတာ၊ ကိုယ်ထိလက်ရောက် ရိုက်နှက်တာ၊ ကလီစာတွေကိုရောင်းစားဖို့ အသတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်ခံရတာတွေ အပါအဝင် စိတ်ပိုင်း ရုပ်ပိုင်း အကြီးအကျယ် ခြိမ်းခြောက်ခံရလေ့ရှိတယ်လို့လည်းသိရပါတယ်။

ကျားဖြန့် အလုပ်တွေမှာလည်း သတ်မှတ်ထားတဲ့ ငွေကြေးပမာဏမျိုး ရရှိအောင်လိမ်လည်မှုမကျူးလွန်နိုင်တဲ့ လူကုန်ကူးမှု သားကောင်တွေဟာ မိနစ် ၂၀ လောက်ကြာအောင် ကြိမ်တုတ်နဲ့ အရိုက်ခံရတဲ့ ဖြစ်စဉ်မျိုးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ အပြစ်ပေးတဲ့ အနေနဲ့ ရေပုံးအလေးကြီးတွေ သယ်ခိုင်းတာ ခံရတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

၃ လလောက် အကြာမှာ အဲဒီ ဒုစရိုက် ဂိုဏ်းတွေ လက်ထဲကနေ လွတ်မြောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ယောက်ကတော့ တရုတ် အလုပ်ကြပ်တွေဟာ လူကုန်ကူးခံထားရတဲ့ လက်အောက်ခံ ဝန်ထမ်းတွေ သေမလား၊ ရှင်မလား ဆိုတာကို ဂရုစိုက်လေ့ မရှိကြောင်း၊ ကရင် BGFကလည်း တရုတ် ဒုစရိုက် လုပ်ငန်းရှင်တွေဆီက ငွေရရင် ပြီးရောလို့ ခံယူထားပြီး လူကုန်ကူးခံရသူတွေက အမိန့်ဖီဆန်ရင် ဖမ်းဆီး အကျဉ်းချလေ့ရှိကြောင်း ပြောပြခဲ့ပါတယ်။

ကျွေးတဲ့ အစားအသောက်ကလည်း လူစားဖို့ မသင့်လောက်အောင် ညံ့ဖျင်းပြီး အများစုဟာ ရေသောက်ရင်း အသက်ဆက်ခဲ့ရကြောင်း၊ နေ့စဉ် ၁၇ နာရီကနေ ၁၈ နာရီလောက် လူမဆန်တဲ့ အခြေအနေမျိုးနဲ့ အတင်းအကျပ် ခိုင်းစေခံရပြီး သတ်မှတ်နှုန်းထား ပြည့်အောင် ငွေမလိမ်နိုင်တဲ့ သူတွေဟာ ၂၄ နာရီဆက်တိုက် မအိပ်ဘဲ အခိုင်းခံရတာမျိုးတွေ ရှိကြောင်းလည်း သူက ဆိုပါတယ်။

နိုင်ငံတကာ ကန့်ကွက်မှုတွေနဲ့ သံတမန်ရေးရာ ကြားဝင်ဖို့ အားထုတ်မှုတွေ ရှိနေတဲ့တိုင်အောင် ထိုင်း-မြန်မာ နယ်စပ်မှာ သောင်းကျန်းနေတဲ့ လူမှောင်ခို ဂိုဏ်းတွေအကြောင်းဟာ နိုင်ငံတကာ သတင်းခေါင်းကြီးပိုင်းတွေမှာ သိပ်ပြီး အရေးတယူ ဖော်ပြတာ မခံခဲ့ရပါဘူး။ ဒါပေမဲ့ အခုလထဲမှာ တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ကျင်ဟာ လူမှောင်ခို ဂိုဏ်းတွေရဲ့ လှည့်စားဖမ်းဆီးခြင်း ခံရပြီး BGF ထိန်းချုပ်ရာ ရွှေကုက္ကိုမြို့ထဲ ရောက်သွားခဲ့တဲ့ ဖြစ်စဉ်ကတော့ အတော်ကြီး အုတ်အုတ်ကျက်ကျက် ဖြစ်လာခဲ့ပါတယ်။ ဝမ်ကို ထိုင်းရဲတွေက BGFနဲ့ ညှိနှိုင်းပြီး ခေါ်ထုတ်ခဲ့ပေမယ့် လူမှောင်ခိုကူး ခံရတယ်လို့ ယုံကြည်ရပြီး နောက်ထပ် ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားတွေ ရှိနေဆဲပါ။

၂၀၂၄ ခုနှစ်မှာ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP)က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်စောင်အရ ကမ္ဘောဒီးယား၊ မြန်မာနဲ့ လာအိုတို့မှာ အခြေစိုက် လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ တစ်နှစ်ကို ဒေါ်လာ ၄၃.၈ ဘီလီယံလောက် လိမ်လည်နေပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ စီးပွားရေး ကဏ္ဍတွေကို အကြီးအကဲ ထိခိုက်စေတယ်လို့ သိရပါတယ်။

NHRCရဲ့ ကော်မရှင် အကြီးအကဲ ပရီဒါ ခွန်ပန်းကတော့ နယ်စပ်က လူမှောင်ခို ဂိုဏ်းတွေနဲ့ ပတ်သက်လို့ အခြေအနေကို အလေးထား စောင့်ကြည့်နေတယ်လို့ ပြောကြားထားပါတယ်။ သူက ထိုင်းပိုင်နက်ကနေတဆင့် လူမှောင်ခိုကူးတာ ခံရတဲ့ လူဦးရေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် မြင့်တက်လာကြောင်း၊ ထိုင်းရဲ့ လူမှောင်ခို တိုက်ဖျက်ရေး အက်ဥပဒေဟာ အဲဒီ အခြေအနေတွေကို တိုက်ဖျက်ဖို့ ရည်ရွယ် ပြဋ္ဌာန်းထားပေမယ့် လက်တွေ့ အကောင်အထည် ဖော်ရာမှာတော့ ဥပဒေရေးရာ ကန့်သတ်ချက်တွေ ကြုံတွေ့နေဆဲဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

ပရီဒါဟာ NHRC အနေနဲ့ လက်ရှိ ပြဿနာအတွက် ပိုမို အလေးထား တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပြီး နိုင်ငံတကာနဲ့ တရားဥပဒေ စိုးမိုးရေး အစုအဖွဲ့တွေကပါ အဲဒီ လူမှောင်ခို ကွန်ရက်တွေ တိုက်ဖျက်ရေးမှာ အင်တိုက်အားတိုက် ပူးပေါင်းပေးကြဖို့၊ လူမှောင်ခို သားကောင်တွေကို ကူညီကာကွယ်ပေးဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ကိုးကား-The Nation

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတွေ စုပေါင်းပြီး ဖြိုခွင်းမှုတွေ ရှိနေတဲ့တိုင် ထိုင်းနဲ့ နယ်စပ်နားက မြန်မာပိုင်နက်ထဲမှာ ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက် လည်ပတ်နေပြီး ဝန်ထမ်း တစ်သိန်းလောက်ထိ အလုပ်လုပ်နေဆဲလို့ ထိုင်းရဲ့ ထိပ်တန်း ရဲအရာရှိ တစ်ဥးက ပြောကြားခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက်ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာသူ ရာနဲ့ချီတဲ့ နိုင်ငံသားတွေကိုနေရပ်ပြန်ခေါ်တဲ့အစီအစဉ်စတင်နေပြီလို့ အင်ဒိုနီးရှားကမတ်လ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေဆီကနေ ခေါ်ထုတ်လာတဲ့ နောက်ထပ် တရုတ်နိုင်ငံသား ၄၅၀ ကျော်ကို ဒီကနေ့မှာ နေရပ် ပြန်ပို့လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

သတင်း

တရုတ်အစိုးရက တရုတ်နိုင်ငဲသားများနေရပ်ပြန်ခေါ်ယူမှုကို ရက်နားထားရာမှ မတ် ၆ တွင်ပြန်စပြီး သုံးရက်အတွင်း ၁,၄၀၀ကျော်ခေါ်မည်ဟုဆို