Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်ရောက်နေသည့်စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်း၏ ညစာစားပွဲကယားပြည်နယ်ခန်းမနှင့် ဒကစအား ရှော့ဒုံးများဖြင့် တိုက်ခိုက်ခံရ

(၇၃)နှစ်မြောက်ကယားပြည်နယ်နေ့တက်ရောက်ရန် လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကယားပြည်နယ်ခန်းမအတွင်း ပြုလုပ်သော ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အား ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Brave Warriors for Myanmar (BWM)အဖွဲ့မှ ပစ်ခတ်တိုက်ခိုကိနေစဉ်။ ဓာတ်ပုံ - BWM

ကျော်ဇော၊သတိုး/People’s Spring

(၇၃)နှစ်မြောက်ကယားပြည်နယ်နေ့တက်ရောက်ရန် လွိုင်ကော်မြို့ရောက်နေသော စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကယားပြည်နယ်ခန်းမအတွင်း ပြုလုပ်သော ညစာစားပွဲနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)အား ရှော့တိုက်ဒုံးခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စကစတပ်ဖွဲ့ဝင်တွေမှာ စိုးဝင်းလို စစ်ခေါင်းဆောင်တွေတောင် လုံခြုံမှုမရှိတော့ပါဘူး၊ သူတို့အသက်က တော်လှန်ရေးအင်အားစုတွေရဲ့လက်တစ်ကမ်းကိုရောက်လာနေပါပြီ” ဟု ၎င်းက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၄ ရက်)ည ၇ နာရီက လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမ၌ပြုလုပ်သော ဒုချုပ်စိုးဝင်းတက်ရောက်သည့် ညစာစားပွဲခန်းမအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး ပစ်ခတ်ခဲ့ပြီး တချိန်တည်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ(လွိုင်ကော်)အတွင်းသို့ ရှော့တိုက်ဒုံး ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“စိုးဝင်းနဲ့ သူ့လူတွေ စုဝေးနေတဲ့ခန်းမထဲ တည့်တည့်ကျတာမို့ ထိခိုက်မှုကြီးနိုင်ပါတယ်။ ဒကစ ကိုလည်း ထိပါတယ်။ (ညစာစား ပွဲ)တော်တော်ရုတ် ရုတ်သဲသဲဖြစ်သွားတယ်လို့ သိရတယ်”ဟု Brave Warriors for Myanmar (BWM)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM)အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့နှင့် Anti-Coup People’s Liberation Force – ACPLF အဖွဲ့တို့ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေ ဆုံးမှုရှိနိုင်သော်လည်း အသေးစိပ်မသိရသေးဟု BWMက ပြောသည်။

တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး ၇လုံးပစ်လွှတ်ခဲ့ရာ ဒုချုပ်စိုးဝင်း၏ ညစာစားပွဲပြုလုပ်ရာ ကယားပြည်နယ်ခန်းမအတွင်းသို့ ပစ်ခတ်သည့် ဒုံး ၅ လုံးအနက် ၁ လုံးမှာ ချို့ယွင်းပြီး ၆ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့က အသိပေးသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုအစီအစဥ်ကို ခက်ခဲစွာဖော်ဆောင်ခဲ့ရပြီး တိုက်ခိုက်မှုတွင်ပါဝင်သော ရဲဘော်များအားလုံး အချိန်ယူ၍ ခက်ခဲစွာပြန်လည်ဆုတ်ခွာခဲ့ရကာ ယခုအခါ ဘေးကင်းလုံခြုံရာနေရာအသီးသီးသို့ ရောက်ရှိခဲ့ပြီဖြစ်သည်ဟု BWM က ဆိုသည်။

အထက်ပါ စစ်ရေးဖော်ဆောင်မှုအခြေအနေအပြည့်အစုံကို Brave Warriors for Myanmar (BWM)အဖွဲ့က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်ပေ့ရှ်၌ ယနေ့(ဇန်နဝါရီ ၁၅ ရက်)နံနက်က အသိပေးထုတ်ပြန်ခဲ့ရာ နာရီပိုင်းအတွင်း ရီပို့ထုခံရ၍ ဖေ့စ်ဘွတ်ခ်က ပို့စ်ကို ဖြုတ်ချသွားခဲ့သည်။

“ကျနော်တို့ပေ့ချ်က ပြီးခဲ့တဲ့တောင်ငူလေတပ်မစ်ရှင်လုပ်လိုက်ကတည်းက စကစဘက်က အတော်အထိနာသွားပြီး ပေ့ချ်မှာတင်ထားတဲ့ ကြေညာချက်အဟောင်းတွေ ပို့စ်အဟောင်းတွေ တစ်ခုပြီးတစ်ခုအဖြုတ်ခံလာရတယ်၊ အဖြုတ်ခံရတဲ့ပို့စ်ပေါင်း ၂၀ ကျော်ရှိနေပြီအခုနောက်ဆုံးကြေညာချက်လည်းအဖြုတ်ခံလိုက်ရပြီး နောက်ပို့စ်ဘာမှဆက်တင်လို့မရတော့ဘူး၊”ဟု ၎င်းတို့ပေ့ခ်ျမှတင်ထားသည်ပို့စ်မှာ အဖြုတ်ခံရသည့်အကြောင်းကို ပြောသည်။

ထို့အပြင် လွိုင်ကော်မြို့သို့ရောက်ရှိနေသော စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လုံခြုံရေးအတွက် မြို့အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့်ပစ်ခတ်ရာ စစ်ရှောင် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရကြောင်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းအချို့က လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၅ ရက်)ကျရောက်သည့် ကရင်နီပြည်နယ်နေ့(ကယားဒေး)ပွဲတော်တက်ရောက်ရန် စစ်ကောင်စီဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့က လွိုင်ကော်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဟု ဆိုသည်။

“မနေ့ည စကစဖက်က နေရာစုံလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အခြေအနေမှာ ကနဦး စိတ်မကောင်းစရာသတင်းအနေနဲ့ စစ်ဘေးရှောင် ပြည်သူအမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပါတယ်။တခြားနေရာတွေက စစ်ရှောင်၊ပြည်သူ ထိခိုက်မှုများမသိရသေးပါဘူး”ဟု လွိုင်ကော်မြို့အခြေစိုက်စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့ကတည်းက လွိုင်ကော်မြို့ ၊ဒီးမော့ဆိုအနောက်ခြမ်းနှင့် မိုးဗြဲမြို့နယ်ဝန်းကျင်နေရာများအား လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီ ၉ ရက်က လွိုင်လင်လေးအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၃၀)တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် လွိုင်ကော် မြို့နယ် အိုင်စန့်ကျေးရွာမှ (၁၂)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး ငါးလသားအရွယ်ကလေးငယ်တစ်ဦး လက်ပြတ်ခဲ့သည်။

၂၀၂၄နှစ်သစ်ကူးရက် ညနေပိုင်းကလည်း လွိုင်ကော်မြို့အရှေ့ဖက်ရှိ စစ်ရှောင်စခန်းကိုစစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် (၁)နှစ်ကျော်အရွယ်ကလေးငယ်နှင့် ၎င်း၏ မိခင်အပါအဝင် သုံးဦးသေဆုံးခဲ့ရသည်။

(စစ်ကောင်စီ ဒုချုပ်စိုးဝင်းနှင့် rave Warriors for Myanmar (BWM)အဖွဲ့မှ ပစ်ခတ်တိုက်ခိုကိနေစဉ်။ ဓာတ်ပုံ – CJ၊ BWM)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ အရာရှိ ၄၀၀ကျော် သင်တန်းတတ်ရောက်နေသည်ဟု သတင်းရရှိသောကြောင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ တာဝန်ရှိသူက ပြောသည်။