ဆိုင်းမင်း/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တွေမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ဦးရေဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ခြောက်သောင်းခန့် ရှိပြီး သေဆုံးသူ ၁၃၀နီးပါးထိရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ကနေ သိရပါတယ်။
၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်းစစ်ရှောင်ဦးရေ ခြောက်သောင်းထိ ရှိခဲ့တာဖြစ်ပြီး အခုနှစ် ဇန်နဝါရီလဒုတိယပတ်မှာတင် နောက်ထပ် စစ်ရှောင်ဦးရေ ငါးထောင်ခန့် ထပ် တိုးလာတယ်လို့ PYO ရဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။
တစ်နှစ်အတွင်းအရပ်သားသေဆုံးသူဦးရေက ၁၂၇ ဦးထိရှိခဲ့ရာမှာ ကလေး ၁၆ ဦး ၊ အမျိုးသမီး ၁၆ ဦး ၊ အမျိုးသား ၈၉ ဦးနဲ့ ကျား ၊မ အတည်မပြုနိုင်တော့တဲ့သူ ၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement
အရပ်သားတွေ သေဆုံးရတဲ့အကြောင်းရင်းကတော့ သတ်ဖြတ်ခံရတာ ၊ လက်နက်ကြီး ပစ်ခတ်ခံရတာနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုတွေ ကြောင့် ဖြစ်ပြီး မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေမှာ အသက်ဆုံးပါးခဲ့ရတာတွေ ရှိခဲ့တာပါ။
ဒါအပြင် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီး ဒဏ်ကြောင့် ဘာသာရေးအဆောက်အဦး ၃၂ ခု ၊ ဆေးရုံ၊ ဆေးခန်းတွေအပါအဝင် နေအိမ် ၁,၄၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။
