Connect with us

Hi, what are you looking for?

သတင်း

မြဝတီဒေသရှိ ကျားဖြန့်ဂိုဏ်းများအား နိုင်ငံတကာနှင့်ပူး​ပေါင်း၍ တိုက်ဖျက်သွားမည်ဟု BGF ဆို

မြဝတီဒေသ၌ ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF) က ယနေ့(ဇန်နဝါရီ ၂၂ရက်)တွင် ထုတ်ပြန်သည်။

မြ၀တီမြို့မှ ထွက်ပြေးလာသော အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးအား ထိုင်း-မြန်မာနယ်စပ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းစစ်တပ်က ဖမ်းဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ − Khaosod English

ဒီးဒီ/People’s Spring

မြဝတီဒေသ၌ ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF) က ယနေ့(ဇန်နဝါရီ ၂၂ရက်)တွင် ထုတ်ပြန်သည်။

နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)သည် ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်ကာ တရားဝင်စီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုသို့ ဖော်ဆောင်ရာတွင် ဝင်ငွေနည်းသည့်မိသားစုလယ်ယာစိုက်ပျိုးရေးစနစ်အစား မိသာစုဝင်ငွေတိုးစေသည့် စက်ရုံ၊အလုပ်ရုံ၊အိမ်ရာစီမံကိန်းနှင့် အပန်းဖြေဧည့်ရိပ်သာစသည့် အများပြည်သူကို အလုပ်အကိုင် အခွင့်အရေးရရှိစေသော လုပ်ငန်များကို ဦးစားပေးဖိတ်ခေါ်ကာ အကျိုးတူဆောင်ရွက်သည့်စနစ် မဟုတ်ဘဲ နှစ်ရှည်မြေယာငှားရမ်းသည့်စနစ်ဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အများအကျိုးပြုရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော မသမာသည့်ရင်းနှီးမြှပ်နှံသူများသည် ဒုစရိုက်များကိုပါ ဆောင်ရွက်လာကြကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါ ဒုစရိုက်မှုများအား များပြည်သူသိရှိရှောင်ရှားနိုင်ရန် အသိပညာပေးခြင်း၊ လုပ်ငန်းရှင်များအား သတိပေးတားမြစ်ခြင်း၊ ကျူးလွန်သူကိုဖော်ထုတ်အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်ဟု ရေးသားထားသည်။ ထို့အပြင် သတင်းရရှိသော လူကုန်ကူးမှုများကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်များ ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံတမန်များတို့နှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ပူးပေါင်းဖော်ထုတ် ကူညီပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)အနေဖြင့် ဒေသတွင်းလာရောက်၍ ဖွံ့ဖြိုးရေးလုပ်ကိုင်မည့် လုပ်ငန်းရှင်များကိုသာ ဖိတ်ခေါ်လက်တွဲခြင်းဖြစ်ပြီး ဒုစရိုက်မှု၊ မသမာမှု၊ လူကုန်ကူးမှုများကို လုံးဝ လက်မခံဘဲ အတိအလင်းတားမြစ်ထားသည်ဟု ဆိုသည်။

“လက်ရှိက လူကုန်ကူးတဲ့ဂိုဏ်းတွေကို ဒေသအာဏာပိုင်မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဖော်ထုတ်ရှင်းလင်းရေးစတင်နေပါတယ်”ဟု ကရင်နယ်ခြား​စောင့်တပ်ဖွဲ့ (BGF) ​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

အစိုးရ၏ လက်ညွှန်မှုများဖြင့် ဖယ်ရှားရှင်းလင်းသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“မြဝတီမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်ဘယ်လောက်ရှိလဲ အပေါ်မှာပြောရရင်တော့ ကျွန်တော်တို့က မိမိအုပ်ချုပ်တဲ့နေရာဒေသတွေမတူညီမှုတွေ ရှိတယ်။ မတူညီမှုတွေအပေါ်မှာမှ လူဦးရေခန့်မှန်းရတာခက်တာ ပေါ့။အခုက တော်တော်များများပြန်လာပြီဆိုတော့ ပြန်တာတွေ တော်တော်များပါတယ်။ဒါကတော့ သက်ဆိုင်ရာအိမ်နီးခြင်းနိုင်ငံက ပိုသိပါတယ်။ လူစာရင်းဇယားတွေလေ”ဟု ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က လူထုနွေဦးသို့ ပြောထားသည်။

ကျားဖြန့်အရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်အရေးနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ် ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက အသိပေးထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၂၁ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

နယ်စပ်ဒေသတွင်ဖြစ်ပွားလျက်ရှိသည့် တရားမဝင်လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေး လိမ်လည်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှ အရေးယူထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် သတင်း အချက်အလက်များ အပြန်အလှန်ဖလှယ်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည် လုပ်ငန်းများ ကြီးထွားလာမှုသည် စစ်ကောင်စီသည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက လူထုနွေဦးသို့ ပြောကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ KNU တို့ ပါဝင်သည့် မဟာမိတ်အဖွဲ့များက ဇန်နဝါရီ ၂၀ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ဆိုက်ဘာရာဇဝတ်မှုများနှင့် အခြားရာဇဝတ်မှုများ တိုက်ဖျက်ရေးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း အသိပေးခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ ပဒိုစောတောနီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပထမဆုံး ပြောချင်တာက စကစက ဒီလုပ်ငန်းရဲ့ ပြဿနာအရင်းအမြစ်တစ်ခုဖြစ်တယ်ဆိုတာ ဒါကိုပြောချင်တယ်။ စကစ ကိုယ်တိုင်ကလည်း တရားဥပဒေစိုးမိုးမှုဆိုတာလုံး၀မရှိဘဲနဲ့ ပျက်ယွင်းနေတဲ့နေရာတိုင်းမှာ နေရာတိုင်းမှာ ဒီလုပ်ငန်းတွေက ဖြစ်ပေါ်လာတယ်ဆိုတာ အထင်အရှားမြင်တွေ့ရတယ်။” ဟု ပဒိုစောတောနီးက ပြောသည်။

အဆိုပါ ရာဇဝတ်မှု လုပ်ငန်းများမှ အကျိုးစီးပွားများကို စစ်ကောင်စီဘက်က ရရှိနေသည်မှာ အထူးပြောစရာမလိုကြောင်း၊ စစ်ကောင်စီနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ ၊ စစ်ကောင်စီ လက်အောက်ထိန်းချုပ်မှု အတွင်း၌ပင် အဆိုပါလုပ်ငန်းများ ရှိနေခြင်းဖြစ်ပြီး အမှန်တကယ်တိုက်ဖျက်လိုပါက တိုက်ဖျက်နိုင်သော်လည်း စစ်ကောင်စီက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း စစ်ကောင်စီက အွန်လိုင်းလိမ်လည် လုပ်ငန်းများအပါအဝင်ဆိုက်ဘာရာဇဝတ်မှုများ တိုက်ဖျက်ရေး ကိုင်တွယ်ဖြေရှင်းလိုသည့် ဆန္ဒမရှိခြင်း မှာ အဆိုပါ ရာဇဝတ်မှု လုပ်ငန်းများ ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်းသည်ပင်လျင်စစ်ကောင်စီနှင့်အပေါင်းအပါများကြောင့်ဖြစ်သည်ဟု ပြောသည်။

“အရပ်သားအစိုးရလက်ထက်တုန်းကလည်း တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်လို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ စည်းစနစ်တကျ လုပ်ဖို့လို့ ဆောင်ရွက်တဲ့ကိစ္စတွေမှာ အခုအခံတွေအများကြီး ရှိခဲ့တယ်။ ထို့အတူ အခုနယ်ခြားစောင့်တပ်လို့ ပြောရမယ့် BGF တွေဆိုတာလည်း နိုင်ငံရေးအရ ကြေကြေလည်လည် ဖက်ဒရယ်အရေး ပြည်ထောင်စုအရေးကို ဆွေးနွေးညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာမျိုးမဟုတ်ဘဲနဲ့ အကျိုးစီးပွားတွေကို အခြေပြုပြီးတော့ စစ်တပ်ရဲ့ အကျိုးစီးပွား စစ်တပ်နိုင်ငံရေး အာဏာတည်မြဲဖို့ စစ်တပ်ရဲ့ အပေါင်းအပါတွေ စီးပွားရေးအရ တောင့်တင်းခိုင်မာစေဖို့ ဆိုတဲ့ ကိုယ်ကျိုးစီးပွား အခြေခံတွေကနေပြီးတော့ တည်ဆောက်ထားတာဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိဘူးဆိုတာတော့ထင်ရှားပါတယ်”ဟု ဒေါ်ဇင်မာအောင်က ပြောကြားသည်။

တရုတ်အပါအဝင် ဒေသတွင်း ၆နိုင်ငံက ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။

ကမ္ဘောဒီးယား၊ တရုတ်၊​ လာအို၊ မြန်မာ၊​ ထိုင်း၊ ဗီယက်နမ် စသည့် ၆ နိုင်ငံတို့က ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇဝတ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှုများကို ‘ဇင်ယော်’ ပူးပေါင်းလှုပ်ရှားမှုအမည်ဖြင့် အတူတကွတိုက်ဖျက်ခဲ့ကြရာ အမှုပေါင်း ၁၆၀ ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ကာ တရားခံပေါင်း ၇သောင်းကျော်အား ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ပြည်သူ ၁၆၀ဦးကိုလည်းကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မြဝတီမြို့တွင် စက်သုံးဆီပြတ်တောက်မှုဖြစ်၍ ဒေသခံများ မဲဆောက်မြို့သို့ ကားဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေသည်ကို ဖေဖော်ဝါရီ ၁၀ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

သတင်း

ထိုင်း - မြန်မာနယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု အဆိပ် အတောက်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jianက ပြောကြားသည်။

သတင်း

စစ်​ကောင်စီလက်​အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင်သုံးဦးအား ထိုင်းအစိုးရက လူကုန်ကူးမှုဖြင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ရန်ကြိုးပမ်းမှုမှာ တဖက်သက်စွပ်စွဲမှုသာဖြစ်ကြောင်း ကရင်နယ်ခြား​စောင့်တပ်ဖွဲ့ (BGF) ​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က ပြောသည်။

သတင်း

စစ်တပ်လက်​အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ၃ ယောက်ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့ ထိုင်းအထူးစုံစမ်းရေးဌာန (DSI)က ကြိုးစားနေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။