ကဖေး/People’s Spring
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ထိခိုက်သေဆုံးမှုများပြားသည့်စစ်ကောင်စီတပ်က အဆိုပါကျေးရွာမှ ဆရာဝန်နှစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းခုနစ်ဦး ဖမ်းဆီးသွားကြောင်းသတင်းရှိသည်။
ဇန်နဝါရီ ၃၀ရက်က တိုက်ပွဲဖြစ်ပွားနေချိန်၌ရှောက်တောကျေးရွာ ရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေါက်တာကျော်ခိုင်ဦးနှင့် နောက်ထပ် ဆရာဝန်တစ်ဦး၊ ကျေးလက်ဆေးပေးခန်းမှ ကျန်းမာရေးဝန်ထမ်းငါးဦး စုစုပေါင်း ခုနစ်ဦးအား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” သူတို့အရမ်းအထိနာလို့ ဖမ်းသွားတာလို့သိထားတယ်။ နောက်ပြီး ကြံ့ခိုင်ရေးပါတီဝင်တွေက ချောက်ချတာလို့လည်းသိရတယ်”ဟု ဒေသခံတဦးက ပြောသည်။

Public Service Announcement
ဖမ်းဆီးသွားသူများတွင် အမျိုးသမီးကျန်းမာ ရေးဝန်ထမ်းအချို့ပါဝင်ပြီး အသေးစိတ် မသိရသေးပေ။
“အဖမ်းခံရတဲ့သူတွေက တော်လှန်ရေးနဲ့ဘာမှကိုမဆိုင်ဘူး။ ရမ်းဖမ်းတာ။ ဓားစာခံလုပ်သွားတဲ့သဘောလည်းဖြစ်နိုင်တယ်။သူတို့ကို ဘယ်မှာ ထားလဲဆိုတာ လိုက်စုံစမ်းနေဆဲပဲ”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့အပြင် ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသလို နယ်မြေချင်းကပ်နေသော စလင်းနှင့် မင်းဘူးမြို့နယ်တို့၌လည်း စစ်ရေးတင်းမာနေသည်။
ဇန်နဝါရီ ၂၉ရက် နံနက်က စလင်းမြို့၊ သရက်ခုန်ရွာနှင့်ကျောက်စုကျေးရွာကြားတွင် ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ကိုးဦးထက်မနည်းသေဆုံးကြောင်း မင်းဘူးခရိုင်အမှတ် (၅)တပ်ရင်းက ထုတ်ပြန်ထားသည်။
စစ်ရေးဆက်လက်အရှိန်မြှင့်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းမင်းဘူးခရိုင်၊ အမှတ် (၇) တပ်ရင်းက ထုတ်ပြန်ထားပြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းတစ်လျှောက် ရေလမ်းကြောင်းများ၊ ဆည်တော်-စံပြမြောင်းဘောင်လမ်းများ၊ ယာခင်း၊ စိုက်ခင်းများနှင့် တော၊တောင်များသို့ သွားလာခြင်းများ လုံးဝမပြုလုပ်ကြရန် သတိပေးထားသည်။
ထို့အပြင် ဇန်နဝါရီ ၂၉ရက်ကလည်း မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ်(YDF)၏ ဒရုန်းတပ်ခွဲစခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အကျဉ်းသားတစ်ဦး ဒဏ်ရာရပြီး စစ်သုံးပစ္စည်းအချို့လည်း ထိခိုက်ခဲ့သည်။
ယောနယ်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် လေကြောင်းအန္တရာယ်များ သတိရှိရှိထားပြီး အထူးဂရုစိုက်ကြရန် လိုအပ်လာကြောင်း YDFက ထုတ်ပြန်ခဲ့ပြီး ကတုတ်ကျင်းများ လိုအပ်လျှင်တူးထားခြင်း၊ အကာအကွယ်လုံခြုံမည့်နေရာများကို ကြိုတင်ကြည့်ရှုရှာဖွေထားခြင်း ပြုလုပ်ရန် သတိပေးထားသည်။
စစ်အာဏာရှင်အဆက်ဆက်သည် အာဏာ မစွန့်လွှတ်ရရေးအတွက် ပြည်သူများအပေါ် ရက်စက်ယုတ်မာကြရန် လက်တွန့်ကြမည်မဟုတ်၍ သတိပေးချက်ကို အလေးထား လိုက်နာရန် တိုက်တွန်းထားသည်။
YDFအနေဖြင့်လည်း ဇန်နဝါရီ ၂၉ရက်တွင် အသိပေးချက် ထုတ်ပြန်ခဲ့ရာ စစ်ရှိန်မြှင့်တင်ပြီး မကြာမီတိုက်ပွဲများ ဖော်ဆောင်မည်ဟု အသိပေးထားသည်။ ထို့ကြောင့် တန်ဖိုးကြီး ပစ္စည်းများ သေချာစွာသိမ်းထားရန်၊ စစ်ဆင်ရေးကာလအတွင်း အခက်အခဲများ မကြုံစေရေး ရိက္ခာနှင့် ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားရန် အသိပေးထားသည်။
YDFသည် ချင်းညီနောင်၊ ရက္ခိုင့်တပ်တော်(AA) တို့နှင့် ပူးပေါင်းပြီး ချင်းပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ၌ ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖြစ်သည်။
ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ကျောနှင့် ထီးလင်းမြို့တို့ပါဝင်သောယောဒေသည် စစ်ကောင်စီအား စနစ်တကျခုခံတော်လှန်တိုက်ခိုက်နေပြီး တစ်ချိန်တည်းတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်စ အကောင်အထည်ဖော်နေသည်။ ယောဒေသအပါအဝင် မကွေးတိုင်းအတွင်း မြို့နယ်အချိူ့၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်စီးနေပြီဖြစ်သည်။
