ဟန်နွေ/People’s Spring
မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ စစ်တပ်၏ မဲပလီဗျူဟာစခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သော ရုပ်သံမှတ်တမ်းကိုBPLA ကထုတ်ပြန်လိုက်သည်။
KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ကောင်စီအခြေစိုက် မဲပလီဗျူဟာစခန်းကိုဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။

Public Service Announcement
“အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
မဲပလီ စခန်းကို စစ်ကောင်စီက လေကြောင်း ပစ်ကူပေး ခုခံနေသည့် ကြားမှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းဆီးရရှိခဲ့မှုကိုလည်းတွေ့ရသည်။
မဲပလီစခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးနှင့် လက်နက်ခဲယမ်းများသိမ်းရခဲ့ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အချို့ ဖမ်းမိခဲ့သည်ဟု သတင်းရင်းမြစ်အချို့က ပြောကြားထားသော်လည်း အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ကရင်သတင်းရင်းမြစ်အချို့ကမူ မဲပလီစခန်းမှ စစ်ကောင်စီ ဗျူဟာမှူး ထွက်ပြေးသွား၍ ရှာဖွေနေဆဲဖြစ်သည်ဟု လူမှုကွန်ရက်၌ အသိပေးထားသည်။
ထို့ပြင် မဲပလီစခန်းမှ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဆောက်အဦး တစ်ခု၌ စုစည်းထားသည့် ရုပ်သံကိုလည်း လူမှုကွန်ရက်၌ တွေ့ရပြီး တော်လှန်ရေး ပူးပေါင်းတပ်က ဗျူဟာမှူး မပါဘူးလား ထွက်ပြေးသွားပြီလားဟု မေးမြန်းနေသံကိုလည်း ကြားရသည်။
ရုပ်သံ-BPLA
