People’s Spring
နှစ်နိုင်ငံ နယ်စပ်နားက မြန်မာဖက်ခြမ်းမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေဆီ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ ထောက်ပံ့မှုတွေ မရရှိအောင် ချက်ချင်း ဖြတ်တောက် ရပ်ဆိုင်းဖို့ ထိုင်းဝန်ကြီးချုပ်က မီးစိမ်းပြလိုက်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက မြဝတီ မြို့နယ်ထဲမှာ ရှိနေတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီတွေ ရရှိနေတာမျိုး မဖြစ်အောင် ချက်ချင်း တုံ့ပြန် တားဆီးရမယ်ဆိုတဲ့ သဘောထားကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ခိုင်မာရှင်းလင်းတဲ့ အထောက်အထားတွေအရ အဲဒီ ဒုစရိုက်ဂိုဏ်းတွေဟာ ထိုင်းဖက်ကနေ ရရှိတဲ့ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီတွေကြောင့် အကျိုးဖြစ်ထွန်းမှုတွေ ရှိနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ခဲ့ရကြောင်း ဖေထောင်ထန်က ဆိုပါတယ်။

Public Service Announcement
မြန်မာအပါအဝင် အိမ်နီးချင်း နိုင်ငံတွေရဲ့ ထိုင်းနဲ့ထိစပ်ရာ နယ်စပ်ဒေသတွေဟာ လျှပ်စစ်ဓာတ်အားအတွက် ထိုင်းနိုင်ငံကို မှီခိုရလေ့ ရှိပါတယ်။ ဖေထောင်ထန်က ကျားဖြန့်ဂိုဏ်းတွေရဲ့ ဆိုးယုတ်မှုတွေကနေ ထိုင်းပြည်သူတွေကို ကာကွယ်ဖို့ လုပ်သင့်တာကို လုပ်ရမယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်က မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေဟာ ထိုင်းပြည်သူတွေနဲ့ နိုင်ငံရဲ့ ပုံရိပ်အပေါ် ကြီးမားတဲ့ သက်ရောက်ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
ဒီကိစ္စဟာ အထူးတလည် အာရုံစိုက်ရမယ့် အရေးကြီး ပြဿနာ ဖြစ်ကြောင်း၊ ချက်ချင်း လက်ငင်း အကောင်အထည် ဖော်နိုင်တဲ့ ကိစ္စတွေကို ဆိုင်းငံ့မနေသင့်တော့ကြောင်း၊ ကျားဖြန့် ပြဿနာဟာ နိုင်ငံတိုင်းအတွက် စိုးရိမ်ရမယ့် အရေးပေါ် ကိစ္စမျိုးလို့ သတ်မှတ်နိုင်ကြောင်းလည်း ဖေထောင်ထန်က ဆိုပါတယ်။
ထိုင်းကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာယာချိုင်ကလည်း မြန်မာနိုင်ငံဖက်ခြမ်း၊ မြဝတီ မြို့နယ်ထဲက ရွှေကုက္ကိုနဲ့ ကေကေပက်ခ် ဧရိယာတွေဆီ ဓာတ်အား ဖြန့်ဝေပေးနေမှုတွေကို ရပ်ဆိုင်းမယ်လို့ ပြောပါတယ်။
ဒေသဆိုင်ရာ လျှပ်စစ် အာဏာပိုင်ဌာန (PEA)ဟာ လောလောဆယ်မှာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဖက်ခြမ်းက ဧရိယာ ၅ ခုဆီ ဓာတ်အား ထောက်ပံ့ပေးထားပြီး မြဝတီက နှစ်နေရာ၊ မွန်ပြည်နယ်ထဲက တစ်နေရာနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်က နေရာနှစ်ခုတို့ ဖြစ်တယ်လို့ သိရပါတယ်။
မြဝတီဟာ ဓာတ်အားလိုအပ်ချက် ၉၀ ရာခိုင်နှုန်းကို ထိုင်းဖက်ကနေ ဖြည့်တင်း ဝယ်ယူနေရတာပါ။ ဖုန်သမ်က ဓာတ်အား အထောက်အပံ့ ရရှိမှု မထိခိုက်စေချင်ရင် ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်တွေဟာ ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းပြဖို့ လိုကြောင်း သတိပေးသွားပါတယ်။
မတ်လကနေ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကျားဖြန့် ဂိုဏ်းတွေနဲ့ ဆက်စပ်ပြီး ထိုင်းနိုင်ငံသားတွေဆီက တိုင်ကြားမှု ၅၇,၅၀၀ ကျော် ရှိခဲ့ပြီး အဆုံးအရှုံးတန်ဖိုး ဘတ် ၆၅.၇ ဘီလီယံထိ များပြားခဲ့ကြောင်း၊ ထိုင်းအနေနဲ့ ဓာတ်အား ရောင်းချမှု အကျိုးအမြတ်ကို လုံခြုံရေး ကဏ္ဍထက် ဦးစားပေး စဉ်းစားလို့ မဖြစ်တော့ကြောင်း ဖုန်သမ်က သတိပေးခဲ့သလို ဓာတ်အား ဖြတ်တောက်မှုတွေကို တစ်ဆင့်ချင်းစီ လုပ်ဆောင်တာမျိုးက သက်ရောက်မှု နှေးကွေးလွန်းလိမ့်မယ်လို့ပါ ပြောကြားသွားခဲ့ပါတယ်။
ကိုးကား – Bangkok Post
