ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များစေလွှတ်နေဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာ တာဝန်ရှိသူက ပြောသည်။

မိုးဗြဲမြို့တွင် တိုက်ပွဲအချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ တပ်အင်အား ပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပအိုဝ်းပြည်သူ့စစ်PNO အပြင် စစ်မှုမထမ်းဥပဒေဖြင့် ခေါ်ဆောင်ခံရသော လူငယ်များအား ပြည်သူ့စစ်အဖြစ် တိုက်ပွဲအတွင်း စေလွှတ်တိုက်ခိုက်စေသည်ဟု ဆိုသည်။
“မနေ့က(ဖေဖော်ဝါရီ ၅ ရက်) မိုးဗြဲတိုက်ပွဲမှာ ထူးခြားတာကစစ်မှုထမ်းဟောင်းမပါတာပဲ။ပစ ( ပြည်သူ့စစ်မှုထမ် )အပတ်စဥ်(၆)လူသစ်တွေချည်းထိုးကျွေးသွားတယ်”ဟု မိုးဗြဲမြို့ ရှေ့တန်းစစ်မျက်နှာရှိ KNDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement
စစ်မှုထမ်းဆင်းသူအချို့ကို စစ်ကောင်စီက ထုတ်ပေးသည့် သက်သေခံမှတ်ပုံတင် လက်မှတ်အချို့ကို ကရင်နီတပ်ပေါင်းစုက ယမန်နေ့ မိုးဗြဲ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သည်ကိုလည်း တွေ့ရသည်။
“တွေ့ရှိစာအရဆို စစ်မှုထမ်းစာရင်းသွင်းတာ ၂၀၂၄ သြဂုတ် ၁၇ ရက်။စကစ ပြောသလို သင်တန်းက သုံးလ ပဲထား။အဲဒါဆို နိုဝင်ဘာ ၁၇ ရက်သင်တန်း ဆင်း။ တပ်နေရာချ။ ပြီးတော့ တစ်လလောက်အတွင်းမှာကို ရှေ့တန်းကို ချက်ချင်းပို့တဲ့အနေ အထား ဖြစ်နေပြီး။ပြောလို့ရတာက စစ်မှုထမ်း တပ်သားသစ်တွေကို စကစ က ဒိုင်းသဖွယ်အသုံးပြု နေတာမျိုးပဲ”ဟု က ရင်နီပူးပေါင်းတပ်တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေကို ရှောင်လွှဲကြရန်နှင့် အခြေအနေအမျိုးမျိုးကြောင့် ရောက်ရှိနေ သူများမှာလည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး၊တော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်၍ ဘက်ပြောင်းကြရန်လည်း ၎င်းက တိုက်တွန်းသည်။
ယခုနှစ် ဇန်နဝါရီ ၂၃ရက်က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ရာတွင်လည်း လူငယ်များကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊အရွယ် ရောက်သူအားလုံး စစ်မှုထမ်းရမည့် စစ်စည်းရုံးအမိန့် အပါအဝင် Non CDM ဝန်ထမ်းများ ပါစစ်မှုထမ်းရမည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် အသက် ၁၈နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို အဓမ္မစစ်မှုထမ်းခိုင်သည့် သင်တန်းအ ပတ်စဥ်(၉) စစ်ကောင်စီက စတင်နေပြီး ရန်ကုန်အပါအဝင် မြို့ကြီးအချို့တွင် စစ်မှုထမ်းရမည့် အမျိုးသမီးစာရင်းကို ကောက်ခံမှုများလည်း ရှိလာသည်။
ကရင်ပြည်နယ် ဒေါနတောင်တွင် ပိတ်မိနေသော အောင်ဇေယျ စစ်ကြောင်းတွင်လည်း စစ်ကောင်စီက သင်တန်းဆင်းစစ်သားအများအပြားပို့ခဲ့ပြီး သင်တန်းအမှတ်စဥ်(၆)မှစစ်သားသစ် ၆၀၀ကို စေလွှတ်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။
သင်တန်းဆင်းစစ်သားများအပါအဝင် စစ်သားများမှာ တော်လှန်တပ်များထံ ဆက်တိုက် အလံဖြူထောင်အလင်းဝင်နေကြောင်းလည်း ဗိုလ်မှူး ဒါဘောကပြောသည်။ကော်ဘရာစစ်ကြောင်းမှာပင် ၈ လကျော်အတွင်းစစ်သား ၆၀ ခန့် အလင်းဝင်ခဲ့ကြောင်း၎င်းက ပြောသည်။
