ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၇၂၂)ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး အလင်းဝင်လာကြောင်း ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA- ၉၄၂၅) ယနေ့(ဖေဖော်ဝါရီ ၁၂ရက်)တွင် ထုတ်ပြန်သည်။
စစ်မှုထမ်းသက်တမ်း ခုနစ်နှစ်ကျော်ရှိသည့် တပ်ကြပ်မင်းခန့်ကျော်သည် မန္တလေးတိုင်း မိတ္ထီလာမြို့မှ အရှေ့တန်းထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း(၁)မှ ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ ထပရ(၇၂၂)တပ်ရင်းထံ ပို့ဆောင်ခံရပြီးနောက် ပြီးခဲ့သည့်ဇန်နဝါရီတွင် အလင်းဝင်လာခြင်းဟု ဆိုသည်။
အကြောင်းအရာမရှိ ပြည်သူများရိုက်နက်ခြင်း၊ပစ်ခတ်ခြင်း၊ မတရားဖမ်းဆီးခြင်းများ အကြိမ်ကြိမ်တွေ့မြင်ရသဖြင့် ဘက်ပြောင်းရန်ဆုံးဖြတ်ခဲ့ကြောင်း ဒုတပ်ကြပ်က ပြောဆိုကြောင်း KPLAက ဖော်ပြ သည်။

Public Service Announcement
“သူအပါအဝင် တပ်ရင်းထဲ အလင်းဝင်လာသူ ခုနှစ်ဦးရှိပါပြီ။အရင်က အလင်းဝင်လာတဲ့သူတွေကိုတော့ အရင်က လုံခြုံရေးအရ မထုတ်ပြန်တာပါ”ဟု KPLAတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ဒုတပ်ကြပ်မင်းခန့်ကျော်နှင့်အတူ G-3 (BA-72) တစ်လက် ၊ ကျည်အိမ်သုံးဘောက်နှင့် ကျည်ဆံ ၁၂၀ ပါရှိလာပြီး ၎င်းကို ဆုကြေး ကျပ်သိန်း ၂၀ပေးခဲ့ကြောင်း အသိပေးသည်။
“စစ်တပ်ထဲကသူတွေရောအခု ပစ(ပြည်သူ့စစ်မှုထမ်း) တွေအနေနဲ့ ကရင်နီပြည်ကို ပို့ဆောင်ခံရမယ်ဆိုရင် အတတ်နိုင်ဆုံး ကျနော်တို့ နဲ့ ဆက်သွယ်ပါ။ ချိတ်ဆက်ပါ။ကျနော်တို့ အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး ကယ်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်”ဟု KPLA တာ ဝန်ရှိသူက တိုက်တွန်းသည်။
အလင်းဝင်ခိုလှုံလာသူများအား လိုအပ်သည့်အကူ အညီပေးအပ်ပြီး လုံခြုံသည့်နေရာတွင် ထားရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ရှုံးနေသည့်စစ်ကောင်စီ လက်အောက်ခံတပ်သားများ အလင်းဝင်လာမှုသည် နိုင်ငံတစ်ဝန်းတော်လှန်ရေးအင်အားစုများထံ နေ့စဥ်နီးပါး ရောက်ရှိနေပြီး အထူးသဖြင့် စစ်ကောင်စီကြောင့် အဓမ္မစစ်မှုထမ်းရသူ အများစုကို တွေ့ရသည်။
လက်ရှိ ကရင်နီပြည်နယ်တစ်ခုတည်းပင် ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီတပ်သားနှင့် အဓမ္မပြည်သူ့စစ်မှုထမ်းရသူ ၁၀၀ကျော် အလင်းဝင်ထားကြောင်း ကရင်နီတပ်ဖွဲ့များထံမှ သိရသည်။


















































