ဖေဖော်ဝါရီ-၂၀၊ ၂၀၂၆။ ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။
စစ်တပ်ဟာ အမှတ်(၁၃၅)ခြေလျင်တပ်ရင်း ကနေ မီတာ ၄၀၀(ပေ ၁၃၀၀ ဝန်းကျင်) အကွာက သံလွင်တံတား(ဖားဆောင်း)ဘက်ကိုပါ တပ်ဖြန့်လာတယ်လို့လည်း ဆိုပါတယ်။
“ တိုက်ပွဲက နှစ်ပိုင်းဖြစ်နေတယ်။မြို့အထက်ခြမ်း နန့်ကစ်ဘက်မှာက စစ်ကြောင်းကို ကာနေတယ်။နောက်တစ်ပိုင်းက ၁၃၅ဘက်ကနေ တံတားဘက်ကို တပ်ဖြန့်လာတာ။တံတားနားတော့ အခြေ အနေတစ်ခုအရ ဆုတ်ထားရတယ်” လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
နေ့စဥ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်တပ်က ဖားဆောင်းမြို့ကို ထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က နေရာအများစုကို ရရှိထားပေမယ့် မြေပြင်တိုက်ပွဲတွေအရ အချိန်မရွေးအပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။
“ စစ်တပ်ကသာ ဖားဆောင်းကို ပြန်ရခဲ့ရင် ဒေသတွင်း အရင်းအမြစ်တစ်ခုဖြစ်တဲ့ မော်ချီးဒေသကို သူတို့ ဆက်တိုးလာနိုင်တယ်။ဒါကတော့ စိုးရိမ်စရာအခြေအနေပဲ” လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီလို့ စစ်တပ်က ထုတ်ပြန်ထားပေမယ့် ကရင်နီတပ်ပေါင်းစုဘက်က သီးခြားထုတ်ပြန်တာ မရှိသေးပါဘူး။မြေပြင်တိုက်ပွဲရှုပ်ထွေးနေဆဲလို့သာ ကရင်နီတပ်မတော်(KA)ဘက်က တုံ့ပြန်ထားပါတယ်။
ဖားဆောင်းမြို့မှာ ခလရ(၁၃၄)နဲ့ (၁၃၅) အခြေစိုက်တပ်ရင်း နှစ်ခု ရှိပါတယ်။ပြီးခဲ့တဲ့နှစ်ဝက်က ဖားဆောင်းမြို့နယ်ရဲ့ ခလရ(၁၃၄)ကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCSက သိမ်းပိုက်ခဲ့ပေမယ့် ၂၀၂၆ ဖေဖော်ဝါရီ ၁၂ ရက်မှာ စစ်တပ်က ပြန်ရသွားပါတယ်။
ကရင်နီတပ်ပေါင်းစုအလုံးစုံသိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ်နဲ့ ဖားဆောင်းကို ဆက်သွယ်ထားတဲ့ သံလွင်တံတား(ဖားဆောင်)ကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
ကရင်နီဒေသတွင်းမှာ စစ်တပ်ရဲ့ တန်ပြန် ထိုးစစ်တွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။
လက်ရှိအခြေအနေအရ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA) ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်းမှုတွေရှိပါတယ်။



















































