ကချင်ပြည်နယ်၊ ပညာရပ်စုံတက္ကသိုလ်(KSCU)၏ တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်း အနားကို ဖေဖော်ဝါရီ ၂၂ရက်က ကျင်းပခဲ့ရာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်လည်း တက်ရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများကို အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို KIO/KIA ဌာနချုပ် လိုင်ဇာမြို့၌ ကျင်းပခဲ့ရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဘွဲ့လက်မှတ်ပေးအပ်ခြင်းနှင့် မိန့်ခွန်းပြောကြားခြင်းပြုလုပ်ခဲ့သည်။
“သင်တို့ရဲ့ အသိပညာ အတက်ပညာတွေကို အသုံးပြုပြီး အခြားသူများကို မြှင့်တင်ပေးပါ” ဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။

Public Service Announcement
ပိုမိုတရားမျှတ၍ လောကပါလတရားထွန်းကားသော အနာဂတ်ကို ဖန်တီးတည်ဆောက်သွားကြရန်လည်း ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က မှာကြားသည်။
ယမန်နေ့ ကျောင်းဆင်းပွဲ၌ ကျောင်းသား၊ကျောင်းသူ ၂၀၅ဦးကို ဘွဲ့လက်မှတ်များပေးအပ်ခဲ့သည်ဟုဆိုသည်။ ဘွဲ့ရရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူများတွင် KIOအစိုးရ ဝန်ထမ်းများလည်း ပါဝင်သည်ဟု အသိပေးသည်။
KSCU ကို ၂၀၂၂ မေလ ၃၀ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ဘွဲ့ရရှိသူ ၄၁၉ ဦးရှိပြီဖြစ်သည်။ ပညာရပ်စုံတက္ကသိုလ် KSCUကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် KIO တို့ ပူးပေါင်း တည်ဆောင်ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်တွင်းရှိ တက္ကသိုလ်များမှ CDM ဆရာ၊ဆရာမများက သင်ကြားပေးခြင်းဖြစ်သည်။


















































