Connect with us

Hi, what are you looking for?

သတင်း

နှစ်ရက်အတွင်း စစ်ကောင်စီခန့်အုပ်ကြီးသုံးဦး ပစ်ခတ်ခံရပြီး သေဆုံး

လက်ပံတန်း၊ မကွေးနှင့် မိတ္ထီလာမြို့နယ်တို့တွင် နှစ်ရက်အတွင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

လက်ပံတန်းမြို့နယ် မှော်အင်းအုပ်စု စစ်ကောင်စီခန့်အုပ်ကြီးထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ - တပ်ရင်း ၃၈၀၂၊ ခွဲ ၃

ကျော်ဇော/People’s Spring

လက်ပံတန်း၊ မကွေးနှင့် မိတ္ထီလာမြို့နယ်တို့တွင် နှစ်ရက်အတွင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်ခံရသူများမှာ လက်ပံတန်းမြို့နယ်မှ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး၊ မကွေးမြို့နယ်မှ သက်ရင်းတောအုပ်စု အုပ် ချုပ်ရေးမှူး သန်းဇော်နှင့် မိတ္ထီလာမြို့ စည်းခုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းမင်းဦးဆိုသူတို့ ဖြစ်​သည်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး‌ခေါင်းဆောင်တစ်ဦးဟုဆိုသူ သန်းဦးသည် ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) နံနက် ၈ နာရီကျော်တွင် ပျူစောထီးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနှင့်အတူ လက်ပံတန်းမြို့ပေါ်သို့ ဆိုင်ကယ်ဖြင့်လာစဥ် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)မှ ရဲဘော်များက စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဟု ယင်းတပ်ရင်းပြောခွင့်ရသူက ပြော သည်။

Public Service Announcement

Public Service Announcement

“အုပ်ကြီးသန်းဦးက စစ်မှုထမ်းရမယ့် လူငယ်တွေရဲ့စာရင်းကို ခုမနက် ထွေအုပ်ရုံးသွားပို့မယ် သတင်းရလို့ လွှစင်ကုန်းတာဆုံမှာ စောင့်နေတုန်း အုပ်ကြီးက ဆိုင်ကယ်တစ်စီး ပျူစောထီးနဲ့ ရာအိမ်မှူးက ဆိုင်ကယ်တစ်စီးကို အတူစီးလာကြပါတယ်။ သူတို့ဆိုင်ကယ်တွေ မလှမ်းမကမ်းရောက်တော့ အုပ်ကြီးရဲ့ ရင်ဘတ်နဲ့ ခေါင်းကိုတည်ပြီး သေနတ်နဲ့ ၁၂ချက်ပစ်တာ နေရာတင် အုပ်ကြီးသေပါတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် စစ်ကောင်စီအုပ်ကြီးနှင့်အတူလာသည့် ပျူစောထီးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးမှာ ကြောက်လန့်တကြားဖြင့် ဆိုင်ကယ်မောင်းထွက်ပြေးသွားကြပြီး အုပ်ကြီးသန်းဦးထံမှ လက်ပစ်ဗုံးနှစ်လုံး၊ မှတ်ပုံတင်နှစ်ခု၊ စစ် မှုထမ်းအမည်စာရင်းပါ စာရွက်စာတမ်းများ၊ တံဆိပ်တုံးနှစ်ခု၊ ငွေသားကျပ်တစ်သိန်း၊ ဆိုင်ကယ်တစ်စီးအပါအဝင် ပစ္စည်းအချို့သိမ်းဆည်းရရှိကြောင်း တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၃) က အသိပေးသည်။

“အုပ်ကြီးသေတာလည်းမြင်ရော ပျူနဲ့ရာအိမ်မှူးက ဆိုင်ကယ်နဲ့ထွက်ပြေးကြပါတယ်။ လွတ်သွားတာက သူတို့ကို ပစ်ဖို့မရည်ရွယ်တာလည်း ပါတယ်။ ပြီးတော့ မှော်အင်းရွာက စခဂိတ်နဲ့ကလည်း ၁ မိုင်လောက်ပဲဝေးတော့ အမြန်ရှင်းပြီး အမြန်ပြန်ဆုတ်ရတာကြောင့် ပစ်ချိန်မရတာ”ဟု တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၃)မှ ပြောခွင့်ရသူက ရှင်းပြသည်။

အလားတူ ဖေဖော်ဝါရီ ၂၃ ရက် ကလည်း မကွေးတိုင်း၊ မကွေးမြို့နယ်၊ ညောင်ကန်တိုက်နယ်၊ သက်ရင်းတောအုပ်စု အုပ်ချုပ်ရေးမှူး သန်းဇော်ဆိုသူကို မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ၎င်း၏နေ အိမ်သို့သွား ရောက်၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့(MGW)က ယနေ့ အသိပေးထုတ်ပြန်သည်။

အဆိုပါ သက်ရင်းတောအုပ်စု အုပ်ချုပ်ရေးမှူးသန်းဇော်သည် ပြည်သူများထံမှ စစ်မှုထမ်းကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ စစ်မှုထမ်းလူစာရင်းပါလူငယ်များကို ငွေကြေးရယူ၍ လူစားလဲစေလွှတ်ခြင်း စသည်တို့ကို စစ်ကောင်စီအလိုကျ လုပ်ဆောင်နေခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်အရေးယူရခြင်းဟု MGWက ဖော်ပြသည်။

ထို့အပြင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ စည်းခုံကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်မင်းဦးဆိုသူအား ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့ ပခုက္ကူတန်းတိုက်ရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင်ရှိနေစဥ် လက်နက်ကိုင်လူတစ်စုမှ ၎င်းအား ဝင်ရောက်ပစ်ခတ်သွားခြင်းဟု ဒေသခံပြည်သူများထံမှ သိရသည်။

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီခန့်အုပ်ကြီးဇော်မင်းဦးတွင် သေနတ်ကျည်နှစ်ချက်ထိမှန်ကာ နေရာတွင် သေဆုံးသွားပြီး ဝင်ရောက်ပစ်ခတ်ခဲ့သူများမှာ မည်သည့်အဖွဲ့အစည်းကဖြစ်သည်ကို မသိရသေးပေ။

အဆိုပါ စည်းခုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မင်းဦးသည် ယခင်က ရာအိမ်မှူးတစ်ဦးဖြစ်ပြီး ပစ်ခတ်မခံရမီ နှစ်ရက်သုံးရက်အလိုတွင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီက ခန့်အပ်ထားသူဖြစ်ကြောင်း မိတ္ထီလာမြို့ခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။