ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လည်စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မတ္တရာအရှေ့ခြမ်းက လက္ကောင်းကြီး၊ လက္ကောင်းလေး၊ ရွေးရွာသစ်၊ မြောင်းသစ်၊ ဘိုကုန်းစတဲ့ ကျေးရွာအနီးဝန်းကျင်တွေမှာ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး မနေ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ တိုက်ပွဲဖြစ်နေတာလို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်သတင်းရင်းမြစ်က အသိပေးပါတယ်။
စစ်ကောင်စီ တပ်ဘက်က လေကြောင်းပစ်ကူအပြင် မတ္တရာမြို့ပေါ် ဘောလုံးကွင်း ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိတယ်လို့ လည်းသိရပါတယ်။

Public Service Announcement
မန္တလေး PDF ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ၊ဇွန်လ တတိယ ပတ်ကစတင်ပြီး မတ္တရာမြို့နယ်ထဲ ထိုးစစ်ဆင် ရာမှာ စခန်း ၃၀ ကျော်ကို သိမ်းယူနိုင်ခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ လက်လွတ်လိုက်ရတဲ့ မတ္တရာအရှေ့ခြမ်းက စခန်းတွေကို ပြန်ရဖို့ တောက်လျောက် ထိုးစစ်ဆင် ကြိုးပမ်းခဲ့ရာမှာ နှစ်ဖက်ထိတွေ့ပြီး တိုက်ပွဲ ဖြစ်နေတာလို့သိရပါတယ်။
” သိမ်းထားတဲ့နေရာတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပါပဲ “လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်သတင်းရင်းမြစ်က ပြောပါတ်။
မတ္တရာမြို့နယ်အတွင်းကတိုက်ပွဲသတင်းတွေကို စစ်ကောင်စီက သတင်း အမှောင် ချထားပါတယ်။
ဒါပေမယ့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့မှာတော့ ဖေဖော်ဝါရီ ၂၄ ရက်က လက္ကောင်းကြီးရွာတိုက်ပွဲမှာ PDF တပ်ဖွဲ့ ဝင် ၄ ဦး ရဲ့ ရုပ်အလောင်းနဲ့ လက်နက်အချို့ ရရှိတယ်လို့ ဝါဒဖြန့်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဖေဖော်ဝါရီလ တတိယ ပတ်အတွင်း မတ္တရာအရှေ့ခြမ်းက ဘိုကုန်း ၊ စီတိုင်းကန် ၊ကျောက်တံတား ၊ ရုံပင် စတဲ့ ရွာတွေက ဒေသခံ တွေ ထွက်ပြေးနေရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်ကဆိုရင် ဘိုကုန်းရွာ လက်နက်ကြီးကျည် ကျရောက်ပြီး ဒေသခံအမျိုးသမီးတစ်ဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးထားပါတယ်။


















































